မူလစာမျက်နှာ

Tuesday 15 May 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။
Source:FB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ကိုရီးယားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးပွဲ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံအစိုးရနှင့်
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ကိုရီးယားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးပွဲ။

Source:FB

Thursday 10 May 2012

ကလို့ထူးဘော(ယခင်ဒီကေဘီအေ) ဌာနချုပ်မှ သတင်းစာရှင်းလင်းပွဲ။

















ထိုင်းအစိုးရမှ မူးယစ်ရာဇာဟု သတ်မှတ်ကာ ဖမ်းဝရမ်းထုတ်ထားခြင်းနှင့်ပတ်သက်၍ ကလို့ထူးဘောတပ်ဖွဲ့(ယခင် ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက မေလ ၁၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၊ ကော်သူးမွဲခီးစခန်းရှိ ကလို့ထူးဘောရှေ့တန်းစစ်ဌာနချုပ် စခန်းတွင်သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာသမား ၄၀ ကျော်နှင့် ထိုင်းမီဒီယာမှ သတင်းသမား ၁၅ ဦးခန့်တက်ရောက်ခဲ့ကြသည်။Source:FB

မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် အဆက်အသွယ် မရှိဟု ဗိုလ်နှုတ်ခမ်းမွေးဆို

မြဝတီ ၊ မေ ၁၀

ထိုင်း- မြန်မာ- လာအို နယ်စပ်တွင် ထိုင်းအစိုးရက မူးယစ်ရာဇာအဖွဲ့အဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်း ထုတ်ထားသော နော်ခမ်းအဖွဲ့နှင့် ကလို့ထူးဘော တပ်ဖွဲ့ (ယခင် ဒီကေဘီအေ) မှာ အဆက်အသွယ် လုံးဝ မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ပြောကြားသည်။

ထိုင်းနိုင်ငံ အစိုးရမှ မူးယစ်ရာဇာအဖြစ် အလိုရှိနေသော ၂၅ ယောက်တွင် မြန်မာနိုင်ငံသား နော်ခမ်း (ရွှေတြိဂံ ဒေသ)၊ ဗိုလ်ချုပ် စောလားပွယ် (ကလို့ထူးဘောတပ်) နှင့် ယီဆေး (တာချီလိတ် နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင်) တို့ ပါဝင်နေခြင်း အတွက် မတ်လ ၁၀ နေ့တွင် မြဝတီ မြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၊ ကော်သူးမွဲခီး စခန်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Voice Weekly ၏ မေးမြန်းမှုကို ဗိုလ်ချုပ် စောလားပွယ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကလို့ထူးဘော တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်ကလည်း “နော်ခမ်းကို မြင်တောင် မမြင်ဖူးဘူး။ ထိုင်းရုပ်သံမှာ ပါလာမှပဲ တွေ့ဖူးတာ” ဟု The Voice Weekly သို့ ပြောကြားသည်။

နာမည်ကျော် မူးယစ်ရာဇာအဖြစ် ထိုင်းအစိုးရက သတ်မှတ်ကာ နာမည်ကျော်ကြား နေသော နော်ခမ်းမှာ ရွှေတြိဂံ နယ်မြေတွင် ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးချေ။

ဗိုလ်ချုပ် စောလားပွယ် ကိုလည်း ထိုင်းနိုင်ငံသို့ လာရောက် အစစ်ဆေးခံရန် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်း က တရားဝင် သတင်းထုတ်ပြန် ခဲ့သည်။

ဗိုလ်ချုပ် စောလားပွယ် ကမူ “ကျွန်တော်ဟာ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကို သွားပြီး အစစ်ဆေးခံဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နဲ့ ပတ်သက်တဲ့အဖွဲ့ (DEA) ရှိပါတယ်။ ထိုင်းနိုင်ငံက DEA နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ နိုင်ငံမှာ တွေ့ဆုံ မေးမြန်းမယ် ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ကလို့ထူးဘော အဖွဲ့အစည်း အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့သည်ကို စစ်ဆေး တွေ့ရှိပါက မည်သည့် တရားခုံရုံး မဆို ရဲရဲကြီး တက်ရောက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာတွင် လက်နက် ဝယ်ယူမှုများအတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ဆက်နွယ် ပတ်သက်မှုများ ရှိနေသည့် အတွက် ကလို့ထူးဘော တပ်ဖွဲ့အနေဖြင့် ထိုင်းနိုင်ငံမှ လက်နက်ဝယ်မှုများ ရှိနေခြင်း ကြောင့်လားဟု The Voice Weekly က မေးမြန်းရာတွင် “ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကတော့ မဖြေနိုင်ပါဘူး” ဟု ဗိုလ်ချုပ် စောလားပွယ် ကိုယ်စား ဗိုလ်မှူးကြီး စန်းအောင်က ကြားဝင် ဖြေကြားခဲ့သည်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် အနေဖြင့် ဗိုလ်ချုပ် စောလားပွယ် အပေါ် မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက် နစ်နာမှုများ အတွက် တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း ကလို့ထူးဘော ဗဟိုဌာနချုပ်က သတင်းထုတ်ပြန် လိုက်သည်။

Source:FB

ကားတင်သွင်းလိုသူများ အတွက် ငွေစာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားထားခြင်း မရှိဟုဆို

ရန်ကုန်၊ မေ ၁၀

ကားတင်သွင်းလိုသော မြန်မာနိုင်ငံသားတိုင်းကို နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်၍ ၂၀၀၇ မော်ဒယ်နှင့် အထက် ကားများ တင်သွင်းခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦးက မေ ၇ ရက်နေ့က ပြောကြားခဲ့သော်လည်း မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များတွင် နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားချက် မရောက်ရှိသေးကြောင်း အဆိုပါ ဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

ကားတင်သွင်းခွင့် မူဝါသစ်ထွက်ပေါ်လာပြီးနောက် ကားဝယ်ယူ တင်သွင်းလိုသူများမှာ အဆိုပါဘဏ်များနှင့် မြန်မာ့စီးပွားရေး ဘဏ်တွင် နိုင်ငံခြားငွေ စာရင်း သွားရောက် ဖွင့်လှစ်ကြသော်လည်း ဖွင့်လှစ်ခွင့် မရရှိဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ သင်္ဘောသားများနှင့် Shore Job များကိုသာ ဖွင့်လှစ်ခွင့်ပေးခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံခြားငွေ လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂလိကဘဏ်များ၌ပါ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သော်လည်း အဆိုပါ ပုဂ္ဂလိက ဘဏ်များတွင် Swift စနစ် တပ်ဆင်ရခြင်း မရှိသေးသဖြင့် လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း ပုဂ္ဂလိကဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

Source:FB

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ





နှစ်ပေါင်း ၆၀ ကျော် ကြာအောင် ဖြေရှင်းမရဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတကြီး ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီအပြင် နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။Source:FB

ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ









အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန် နိုင်ငံခြားရေး ဝန်ကြီး Mr Radoslaw Sikorski တို့ ယနေ့ညနေ ၆ နာရီဝန်းကျင်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ မြင်ကွင်းဓာတ်ပုံများ။Source:FB
 

ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းသည်ဆိုသည်မှာ မှန်ကန်



Thursday, 10 May 2012 13:53
ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းထားသည်မှာ မှန်ကန်ကြောင်း ၄င်း၏မိသားစုနှင့် နီးစပ်သည့် ပုဂ္ဂိုလ်မှတစ်ဆင့် Eleven Media Group မှ စုံစမ်းသိရှိရပါသည်။

ရဟန်းဘောင်သို့ ခေတ္တ မ၀င်ရောက်မီ မေလ (၃)ရက်နေ့တွင် တာဝန်မှ အနားယူခွင့်တောင်းသည့်စာအား နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါရက်မတိုင်မီက စင်ကာပူနိုင်ငံတွင် သွားရောက်ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ယခုကဲ့သို့ တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေကြောင့် မိမိ သဘောဆန္ဒအလျှောက်သာ တာဝန်မှ အနားယူခွင့်တောင်းသည်မှာ မှန်ကန်ကြောင်း သိရပြီး အဆိုပါ အနားယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံခြင်း ရှိ၊ မရှိကိုမူ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါသတင်းအား အတည်ပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးထံ Eleven Media Group မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းခြင်းနှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် အတည်ပြုပေးရန် ငြင်းဆိုခဲ့ပြီး အခြားသတင်းရင်းမြစ်များမှ ဆက်လက်စုံစမ်းရန်သာ ပြန်လည်ဖြေကြားခဲ့ပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်ခြင်းနှင့် ဆက်စပ်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကျန်းမာရေးကြောင့်၊ ၄င်း၏ သဘောဆန္ဒအလျောက်သာ ဖြစ်ကြောင်း ဒုတိယသမ္မတ (၁) နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရှိရပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေပါ ပုဒ်မ (၇၂)တွင် “နိုင်ငံတော်သမ္မတ(သို့မဟုတ်)ဒုတိယသမ္မတတစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်းမကုန်ဆုံးမီ ဆန္ဒအလျှောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။” ဟု ဖေါ်ပြပါရှိပါသည်။ ထို့ကြောင့် ထွက်ပေါ်နေသော သတင်များအရ အမှန်တစ်ကယ် နုတ်ထွက်ခဲ့ပါက ဒုတိယသမ္မတ (၁) နေရာတွင် အစားထိုး ၀င်ရောက်လာနိုင်ဖွယ် ရှိသူများကိုလည်း ထင်ကြေးပေး မှန်းဆနေကြရာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ  ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးတို့ပါဝင်ကြောင်း သိရှိရပါသည်။ အတည်မပြုနိုင်သော သတင်းများအရ ဒုတိယ သမ္မတ (၁)  နုတ်ထွက်စာတင်သွင်းခြင်းနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးမှုများ၊ အထူးအစည်းအဝေး ပြုလုပ်မှုများ ရှိကြောင်းလည်း သိရသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၂)မှဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှုး (၁)အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းသည် ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးပါက ပြန်ပြင်လေ့ မရှိကြောင်း နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးအား ရာထူးမှ အနားယူခြင်းမပြုဘဲ တာဝန်ပြန်လည် ထမ်းဆောင်ရန် တိုက်တွန်းမှုများရှိနေကြောင်း သိရှိရသည်။

ဒုတိယသမ္မတ (၁) အနားယူခြင်း သတင်းများကို ပြည်တွင်းသတင်းဂျာနယ်များတွင် ဖေါ်ပြခြင်းမပြုရန် စာပေစိစစ်ရေးမှ ပိတ်ပင်ထားခဲ့ခြင်း၊ ဖေါ်ပြခဲ့သည့် ဂျာနယ်အချို့ကို သတိပေးခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာဥပဒေ ရေးဆွဲမှုတွင် အဓိက ပါဝင်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်ကို DVB မှ မေးမြန်းခဲ့ရာ ပိတ်ပင်ထားသည်မှာ မှန်ကန်ကြောင်းနှင့် ထိုသတင်းများမှာ ကောလာဟလကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်သည့်အတွက် ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

"အနားယူခွင့် တောင်းတယ်ဆိုတဲ့ သတင်းက မှန်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုသာ တိတိကျကျမသိရသေးတာပါ။ သတင်းအတည်ပြုပေးမယ့်သူ မရှိသေးတာပါ။  ဒီလိုအနေအထားမျိုးမှာ သတင်းထုတ်ပြန်မှုတွေအတွက် တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ချုပ် ဦးရဲထွဋ်အနေနဲ့ ကောလာဟလလို့  ပြောလိုက်တာကတော့ မဖြစ်သင့်ပါဘူး။ ဒီထက်ပိုပြီး တိတိကျကျ ပြောသင့်ပါတယ်။  Press Freedom Day တုန်းကတောင် ပြန်ကြားရေးဒုဝန်ကြီးက လွတ်လပ်စွာ သတင်းရေးသားခွင့် သာမက သတင်းအချက်အလက် ရယူတဲ့နေရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးဖို့ လုပ်နေတယ်လို့ ပြောသွားတယ်။ နောက်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင့်သုံးနိုင်ဖို့ လိုအပ်တဲ့ ပုံနှိပ်မီဒီယာဆိုင်ရာ ဥပဒေကြမ်းကို ရေးနေတယ်လို့လည်း ပြောသွားတယ်။ မီဒီယာ ဥပဒေရေးဆွဲမှုမှာ ဦးရဲထွဋ်လည်း ပါတာပါပဲ။ တစ်ကယ်တော့ သတင်းတွေကို ထိန်ချန်တာ ဖုံးကွယ်ထားတာတွေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတာနဲ့ အတူတူပါပဲ” ဟု Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
Source:FB

"မြစ်ရေ လက်ရှိရေမှတ်ထက် မြင့်တက်နိုင်"

ယခုလအတွင်း မြန်မာနိုင်ငံရှိမြစ်ရေများ လက်ရှိရေမှတ် ထက် မြင့် တက်လာနိုင်သော်လည်း စိုးရိမ်ရေမှတ်သို့ မရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
လက်ရှိ ရေမှတ်များ အထက်မြင့်တက်လာနိုင်သော မြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်နှင့် ငဝန် မြစ်တို့ဖြစ်သည်။
မေလ ပထမ ၁ဝ ရက်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာမြို့တို့တွင် (၁၅ဝ စင်တီမီတာ)၅ ပေခန့်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ တို့တွင် (၉ဝ- စင်တီမီတာ) ၃ ပေခန့်၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် (၇၅ စင်တီမီတာ) ၂ ပေခွဲခန့် လက်ရှိ ရေ မှတ်များအထက် မြင့်တက်လာနိုင်ပြီး ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မ လင်းမြို့တို့တွင် (၁၅ဝ စင်တီမီ တာ) ၅-ပေခန့်၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် (၉ဝ စင်တီမီတာ) ၃ ပေခန့် လက်ရှိ ရေမှတ်များ အထက်သို့ မြင့်တက် လာနိုင်ကြောင်း နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ''မိုးရွာမယ် မှန်းထား လို့ မြစ်ရေတွေတက်မယ်လို့ ပြောတာပါ။ ဒါပေမဲ့ နွေကာလက ရေတအား ကျနေခဲ့တဲ့အတွက် ရုတ်တရက် စိုးရိမ်ရေမှတ်အထိ မရောက်နိုင်ဘူး။ စိုးရိမ်ရေမှတ် ရောက်ဖို့က အဝေးကြီးလိုသေးတယ်။ တကယ်မိုးများတဲ့ ဇွန်၊ ဇူလိုင်ကာလတွေမှ စိုးရိမ်ရေမှတ် ရောက်တာပါ။ အခု ကာလ မြစ်ရေ တက်တာ မိုးရွာလို့ ကျနေတဲ့ရေက တဖြည်းဖြည်း ပြန်တက်လာမယ့် သဘောပါပဲ။ စိုးရိမ်စရာမရှိပါဘူး'' ဟု ပြောသည်။
ထို့အပြင် မိုးရွာသွန်းမှု အခြေ အနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက်ပိုကာ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း ၊ နေ့အပူချိန်များ အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ တွင် မေလ၏ ပျမ်းမျှ အပူချိန် ထက်ပိုပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Source:FB

"ဇာဂနာနှင့် စာရေးဆရာ အချို့ နာမကျန်း အနုပညာရှင်နှစ်ဦး အား ထောက်ပံ့"

Source:FB
မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂမှ စီစဉ်သည့် နာမကျန်း ကဗျာဆရာ၊ စာရေးဆရာနှစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို မေလ ၇ ရက် နေ့ မွန်းလွဲပိုင်း ကကျောက်တံတား မြို့နယ် ၃၅ လမ်း(လယ်)ရှိ Asian Fame Media Groupတွင် ကျင်းပခဲ့သည်။
ပေါ်ပြူလာ ဂျာနယ်ပင်တိုင် ဆောင်းပါးရှင် ဇာဂနာ၊ စာရေးဆရာများနှင့် အခြားအလှူရှင်များ၏ စာမူခများနှင့် အလှူငွေ ကျပ် ၆ သိန်းအား နာမကျန်းစာရေး ဆရာ မောင်တင်ဆင့်နှင့် ကဗျာဆရာ မောင်ရေပြာ (ပန်းတနော်) တို့အား ကျပ် ၃ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါပွဲသို့ မောင်ရေပြာ(ပန်းတနော်)မှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ကဗျာဆရာ မောင်လင်းရိပ်က အခမ်းအနားမှူး ပြုလုပ်၍ ဆရာမောင်စိမ်းနီ က ဂုဏ်ပြုစကားပြော ကြားခဲ့သည်။ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

"တန်ဖိုးနည်းဖုန်း ဆက်သွယ်ရေး တိုက်ရိုက်ရောင်းပြီ"

သတ်မှတ်နှုန်းထားထက် တန်ဖိုး ပိုမိုရောင်းချနေခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် ဖုန်းများ ပြန်လည်ရောင်းချပေး တော့မည်ဟု အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
''အဓိက ကတော့ တန်ဖိုး နည်းဖုန်းဖြစ်ဖို့ ဈေးနှုန်းချပေးခဲ့ပေမယ့် လွယ်လွယ်ကူကူ ဖုန်းမဝယ် နိုင်ဘဲ ဈေးမြင့်နေတဲ့ အတွက် အခုလို ပြန် လည်ရောင်းချပေးတာပါ'' ဟု ၄င်းက ပြောသည်။
လက်ရှိတွင် တန်ဖိုးနည်းဂျီ ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ခွင့်ပြုပေးထားသည့် ကုမ္ပဏီ တွင်သာ သတ်မှတ် ထားသည့်နှုန်း ထားဖြင့် ရောင်းချလျက် ရှိပြီး ယင်းသို့ ဖုန်းရောင်းချပေးရာတွင် တစ်နေ့ လျှင် သတ်မှတ် အလုံးရေဖြင့် ကန့်သတ်ရောင်းချပေးနေ၍ ဖုန်းဝယ် ယူသူ အချို့မှာ လွယ်လင့်တကူ ဖုန်းဝယ်ယူ၍ မရသည့်အတွက် ဈေးနှုန်း ပိုမိုရောင်းချသည့်ဆိုင် များတွင် ဝယ်ယူနေရသည်။
''နယ်တွေမှာတော့ အခုလိုမျိုး ဆက်သွယ်ရေးက ဖုန်းပြန်ရောင်း ပေးတာ မရှိပါဘူး။ ရန်ကုန်မြို့မှာပဲ ရောင်းပေးတာပါ။ ဖုန်းသုံးစွဲမှု များတဲ့အတွက် ဒီလိုပြဿနာတွေ ပေါ်ပေါက်နေရတာပါ''ဟု ၄င်းက ဆက်လက်ပြောသည်။
ရောင်းချပေးနေသည့် ဆက်သွယ်ရေးရုံးများမှာ အလုံ ဆက်သွယ် ရေး ရုံး၊ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ ပန်းဆိုးတန်း မိုဘိုင်း ဆက်သွယ်ရေး ရုံး၊ လမ်း ၄ဝ အော်တိုတယ်လီဖုန်း ရုံးနှင့် ရန်ကုန် စာတိုက်ကြီးရုံးများ တွင် ရောင်းချပေးလျက် ရှိပြီး ယင်း သို့ ရောင်းချရာတွင် ပုဂ္ဂလိက ကုမ္ပဏီ များရောင်းသည့်ပုံစံ အတိုင်း နေ့ချင်းပြီး(One Stop) စနစ်ဖြင့် သာ ရောင်းပေးကြောင်း သိရသည်။
တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လက်ရှိတွင် ဂျီဖုန်းဖြစ်ပါက ကျပ် နှစ်သိန်း တစ်သောင်း၊ WCDMA ဖြစ် ပါက ကျပ်နှစ်သိန်းခြောက်သောင်း နှုန်းဖြင့် မိုဘိုင်းဖုန်းဆိုင် များတွင် ရောင်းချပေးလျက် ရှိပြီး သင်္ကြန် မတိုင်ခင် ကာလတွင် အဆိုပါဖုန်း များ၏ ပြင်ပရောင်းဈေးမှာ သတ် မှတ်တန်ဖိုးထက် ကျပ်လေးသောင်း အထိ မြင့်တက် သွားခဲ့ကြောင်း သိရသည်။
ယင်းသို့ သတ်မှတ်နှုန်းထက် ဈေးနှုန်းမြင့်မားနေခြင်းမှာ ရန်ကုန် တိုင်းဒေသကြီး တစ်ခုသာ ဖြစ်ပေါ် နေခြင်းဖြစ်ပြီး အခြား တိုင်းဒေသ ကြီး နှင့် ပြည်နယ်များတွင် ဖြစ်ပေါ်နေ ခြင်းမရှိဘဲ ဖုန်းဟန်းဆက်ဖြင့် တွဲယူ ပါက သတ်မှတ်နှုန်းထက်ပင် လျှော့ ချနေကြောင်း ဖုန်းရောင်းချပေး သည့်ကုမ္ပဏီ အချို့ထံမှ သိရသည်။
''လိုင်းကတ် သီးသန့်ဝယ်ရင် တော့ ကျပ်နှစ်သိန်းအထိပဲ ရောင်းတယ်။ ဟန်းဆက်နဲ့ တွဲဝယ်ရင် တော့ တစ်သိန်းကိုးသောင်း ငါး ထောင် ပဲ ရောင်းပါတယ်''ဟု ပဲခူး မြို့King Star မိုဘိုင်းဖုန်း အရောင်း ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။
လက်ရှိတွင် တန်ဖိုးနည်းမို ဘိုင်းဖုန်းများ ရောင်းချပေးရာတွင် အင်တာနက် သုံးနိုင်သည့် စနစ် ထည့်သွင်းပေးထားပြီး အင်တာနက် သုံးစွဲခွင့်ကို မူ ငွေသွင်း၍ လျှောက် ထားရမည်ဖြစ်ကြောင်း ဆက်သွယ် ရေးမှ သိရသည်။

Source:FB

ထိုင်းဒုဝန်ကြီးချုပ် စွပ်စွဲမှုအပေါ်ဗိုလ်ချုပ်စောလားပွယ် တုံ့ပြန်








ထိုင်းဒုဝန်ကြီးချုပ် စွပ်စွဲမှုအပေါ် မိမိနိုင်ငံတွင်းလာရောက်စစ်ဆေးမှုပြုနိုင်ကြောင်း ဗိုလ်ချုပ်စောလားပွယ် တုံ့ပြန် ၊ထိုင်းနိုင်ငံမှထုတ်ပြန်သည့် မူးယစ်ရာဇာ စာရင်းတွင် မိမိနာမည်ပါဝင်မှုနှင့် ပတ်သက်၍ တရားဝင်ထိုင်းနိုင်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့်မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ တရားဝင် မိမိနိုင်ငံအတွင်းလာရောက်ကာတွေ့ဆုံစစ်ဆေးမေးမြန်းနိုင်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်း ထုတ်ပြန်ခဲ့သည့် မူးယစ်ရာ(၂၅)စာရင်းတွင်ပါဝင်ခဲ့သည့် ကလိုထူးဘော(ယခင်ဒီကေဘီအေ) ဗိုလ်ချုပ် စောလားပွယ်(ခ)ဦးနှုတ်ခမ်းမွှေးက မေလ ၁၀ ရက် နံနက် ၁၀ နာရီက မြ၀တီမြို့ ဆုံဆည်းမြိုင်ကျေးရွာ ကော်သူးမွဲခီးစခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ ““ အဲဒီအချက်ကို မူအရလက်ခံနိုင်မယ်ဆိုရင် အချိန်နဲ့နေရာကို ဆက်လက်ညှိနှိုင်းလို့ရပါတယ်။ ကျွန်တော့်သဘောထားကိုဒီလောက်ပဲတင်ပြလိုပါတယ်”” ဟု ဗိုလ်ချုပ် စောလားပွယ်က အဆိုပါကိစ္စပတ်သက်၍ပြော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ ““ အခုစွပ်စွဲခံရသည့်ကိစ္စသည် ကာလ ရှည်ကြာနေမည်ဆိုလျှင် မိမိတို့လုပ်ကိုင်နေသည့် ဒေသတွင်းဖွံ့ဖြိုးရေးကိစ္စတွေအများကြီးအတွက် အလုပ်အကိုင်ပျက်စေကြောင်း၊ ယင်းအတွက်မိမိအနေဖြင့်အကောင်းဆုံးနည်းလမ်းကိုတင်ပြခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။Source:FB

Express Time ဂျာနယ်မှတင်ပြလွှာ(စာမျက်နှာ-၂)

Source:FB

Express Time ဂျာနယ်မှတင်ပြလွှာ(စာမျက်နှာ-၁)

Source:FB

Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ




လှိုင်သာယာရှိ Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများသည်မရမ်းကုန်းရှိ အလုပ်သမားညွှန်ကြားမှုဦး စီးဌာနရှေ့တွင် ယနေ့မွန်းလွဲ၃နာရီ ခန့်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ အလုပ်သမား ၆၀၀ ကျော်ရှိအဆိုပါစက်ရုံမှအလုပ်သမ ၃ပုံ၂ပုံခန့်သည် ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိုခြင်းတို့ကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ အသက် ၂၇ နှစ်ရှိ မခင်ခင်လှိုင်ကပြောသည်။ အလုပ်သမားတစ်ဦးဖြစ်သည့်အသက် ၂၃ နှစ်ရှိမကြည်ကြည်ထွေးကလည်း “ကျွန်မတို့ လစာတိုးတောင်းတာ မဟုတ်ဘူး၊ကိုယ်ရသင့်တဲ့ ဟာကိုပြန်ပေးဖို့တောင်းတာ ၊လကုန်ရင်အဲ့လိုပဲ ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ လစာအပြည့်မရခဲ့ဘူး”ဟုပြောသည်။ ၂၀၁၁ ခုနှစ်သြဂုတ်လတွင် ကိုးရီးယားမှ လာရောက်ဖွင့်လှစ်သော အဆိုပါစက်ရုံတွင်ယခုအကြိမ်မတိုင်မီ ဆန္ဒပြမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သည် နံနက်( ၇ )နာရီမှ ည ( ၈ ) နာရီ အထိဖြစ်ပြီးအလုပ်သမားတစ်ဦးလျှင် အမြင့်ဆုံးလစာကျပ် ၅၈၀၀၀ ရရှိကြောင်းသိရသည်။Source:FB

ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ

 ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) က Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၁၇၀၀ ကျော်က အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမားခံစားပိုင်ခွင့်များရရှိရေး တောင်ဆိုမှုကို စက်ရုံပိုင်ရှင်ဖက်က လိုက်လျောသဖြင့် ပြေလည်မှု ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
လှိုင်သာယာ ဆံပင်တု စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
မူလကရရှိသော အခြေခံလစာ ၈ ထောင်ကျပ်ကို အလုပ်သမားများက ၃ သောင်းကျပ်ထိ တိုးမြှင့်ပေးရန်တောင်းဆိုမှုအပါအဝင် အခြေခံတောင်းဆိုချက်များကို ယနေ့မွန်းလွဲပိုင်းက လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်း ဆောင် ၇ ဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူလိုက်ခြင်းဖြစ်သည်။
“အားလုံးအဆင်ပြေသွားပါပြီ။ ကျမတို့မနေ့ကတည်းက တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို ဒီနေ့ မွန်းလွဲ ၂ နာရီမှာ အားလုံးပဲ လိုက်လျောပေးပါတယ်။ အရင်တုန်းကလို အချိန်ပို မဆင်းချင်ဘဲဆင်းခိုင်းတာ၊ ရေမီးဖြတ်တောက်တာ၊ သန့်ရှင်းရေးလုပ်ခိုင်းတာ တွေကို မလုပ်တော့ပါဘူးလို့ စာချုပ်ချုပ်ဆိုထားတယ်” ဟု အလုပ်သမားခေါင်းဆောင် ၇ ဦးထဲမှ မယမင်းလွင်က ဧရာဝတီသို့ ပြောသည်။
အခြေခံလစာအပြင် ယခင်ရရှိခဲ့သော အချိန်ပိုကြေး၊ ခရီးစရိတ်၊ ရက်မှန်ကြေးနှင့် အခြားအခွင့်အရေးများ ကိုလည်း ဖြတ်တောက်ခြင်းမရှိဘဲ စက်ရုံဖက်ကလိုက်လျောပေးသည့်အတွက် မူလက အလုပ်သမားတဦးသည် အခြေခံလစာ ၈၀၀၀ ကျပ်အပါအဝင် ဆုကြေးငွေများနှင့် တစ်လလျင် ၃ သောင်းမှ ၄ သောင်း ကျပ်ထိ ရရှိနေရာမှ ဇွန်လမှ စတင်ကာ ၇ သောင်းကျပ်ဝန်းကျင်ရရှိတော့မည်ဖြစ်သည်။
အခြား အလုပ်သမခေါင်းဆောင်တစ်ဦးဖြစ်သူ မမေသူဝင်းကလည်း“အစားအသောက်တွေထဲမှာဆိုရင် အသားငါးကို တစ်ပတ်မှ တစ်ခါလောက်ပဲကျွေးတယ်။ ကျန်တဲ့ရက်တွေက အသီးအရွက်နဲ့ ငါးပိရည်တို့ ပဲပြား၊ အာလူး၊ ပဲတို့ အဲလိုကျွေးတဲ့အခါမှာလည်း သန့်သန့်ရှင်းရှင်းမကျွေးဘူးရှင့်၊ ဟင်းထဲမှာ တီကောင်တွေ၊ ပီနံအိတ်ကြိုးတွေ၊ ခေါင်းကပ်ပလာစတာတွေကအစ ပါတယ်။ ဟို တလောကကဆို စက်ရုံထဲမှာ ဝမ်းရောဂါပါဖြစ်တယ်”ဟု သူက ဧရာဝတီကိုပြောသည်။
စက်ရုံတွင် တင်းကျပ်သောစည်းမျဉ်းများဖြင့် ခိုင်းစေသော မြန်မာ အလုပ်သမားခေါင်းဆောင်များကိုလည်း ရာထူးလျှော့ချခြင်းနှင့် ဌာနရွှေ့ပြောင်းခြင်းများပြုလုပ်ပေးရန် တောင်းဆိုထားကြောင်းလည်း သိရသည်။
Hight-Art စက်ရုံပိုင်ရှင်သည် ကိုရီးယားနိုင်ငံသားဖြစ်ပြီး ထိုစက်ရုံမှ ထွက်သော ဆံပင်တုများကို မြန်မာနိုင်ငံတွင်း ဖြန့်ချိခြင်းမပြုဘဲ ကိုရီးယား၊ တရုတ်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့တင်ပို့ကြောင်းသိရသည်။ အခြေခံ လစာတိုးမြှင့်ပေးရန်နှင့် အခြား အလုပ်သမား ရပိုင်ခွင့်များကို ယခင်နှစ် ဧပြီလကလည်းတောင်းဆိုမှုပြုလုပ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။
လှိုင်သာယာစက်မှုဇုန် ဆန္ဒပြတောင်းဆိုမှု အဆင်ပြေသွားပြီဖြစ်သော်လည်း ရွှေပြည်သာ စက်မှုဇုန်ရှိ မြန်မာဝိုင်နှင့် အရက်ချက် စက်ရုံ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ယခုလ ၈ ရက်နေ့မှ စတင်ကာ အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့သော အလုပ်သမားများမှာ အဆင်ပြေမှုမရသေးပေ။
ထိုတောင်းဆိုမှုတွင် စင်္ကာပူနိုင်ငံသို့ ခရီးလွန်နေသည့် စက်ရုံပိုင်ရှင် ပြန်ရောက်မည့် ယခုလ ၁၄ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ် သမားများ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းရန် မြောက်ပိုင်းခရိုင်အလုပ်သမားညွှန်ကြားရေးမှူးက ဆုံးဖြတ်ပေးခဲ့ကြောင်း ယင်းဆန္ဒပြမှုကို အလုပ်သမားများဘက်မှ ကူညီဆောင်ရွက်ပေးနေသူ ရွှေပြည်သာမြို့နယ် အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဥပဒေအကြံပေး အဖွဲ့ဝင် ဦးသိန်းအောင် က ပြောသည်။
“မြောက်ပိုင်းခရိုင်အလုပ်သမားညွှန်ကြားရေးမှူးက စက်ရုံ ၁ နဲ့ ၂ က အလုပ်သမားတွေအားလုံးကို ၁၄ ရက်နေ့မှာ စင်္ကာပူက ပြန် လာမယ့် သူဌေးနဲ့ သူတို့ကနေ ဖြေရှင်းပေးမယ်။ အဲဒီရက်မတိုင်မီ ကြားကာလမှာ အလုပ်သမားတွေကို နားရက်အဖြစ် ပေးလိုက် တယ်။ ၁၄ ရက်နေ့ကြရင်တော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို စောင့်ကြမယ်”ဟု ဦးသိန်းအောင် က ဧရာဝတီသို့ ပြောသည်။
မူလက ကျပ် ၅၀၀၀၀ ဝန်းကျင်ရရှိနေသော M.W.D.C စက်ရုံအလုပ်သမားများကို အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးချိန်၌ စက်ရုံကလည်း ၎င်းတို့အလုပ်သမားများကို တလ ကျပ် ၆၀၀၀ ထိ တိုးမြှင့်ပေးခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြော သည်။
ထိုသို့ တိုးမြှင့်ပေးသော်လည်း တဖက်တွင် မူလခံစားပိုင်ခွင့် ဆုကြေးငွေ တစ်လ ၁၆၀၀ ကျပ်နှင့် ခရီးစရိတ်အဖြစ် တစ်ရက် ၁၀၀ ကျပ် ပေးနေခြင်းကို ဖြတ်တောက်ပစ်ခဲ့၍ ယခုနှစ် ဧပြီ ၂၈ ရက်နေ့မှ စတင်တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းဖြေရှင်း ပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရခြင်းဖြစ်သည်ဟု ကာယကံရှင်များက ပြောသည်။
M.W.D.C စက်ရုံတွင် ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ကိုသောင်းထိုက် က “လစာက အစိုးရတိုးသလိုမျိုး ၃ သောင်းတိုး စေချင်တယ်။ လစာက အခုဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ၄ သောင်းခွဲ ၅ သောင်းပဲရတယ်ဗျာ။ ဒီလစာနဲ့ ဘယ်လိုမှမရဘူး။ အဲဒါ ကြောင့် ကျနော်တို့လူစုပြီး သွားတောင်းဆိုတာ။ ဒီနေ့ထိတော့ လိုက်ရောမှုမရသေးဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
အလုပ်သမား ဝန်ကြီး ဌာနအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် (ဓာတ်ပုံ - ဧရာဝတီ)
စက်ရုံကပေးသော သတ်မှတ်လစာ ၅ သောင်းကျပ်ဝန်းကျင်မှာ မိသားစု စားဝတ်နေရေးအတွက် အထောက်ကူမပြုနိုင်သည့် အတွက် ကျပ် ၇ သောင်းကျော်ထိ တိုးမြှင့်ပေးရန် ဆန္ဒပြ စက်ရုံအလုပ်သမား ကိုဟိန်းမင်းဇော်ကလည်းပြောသည်။ တောင်းဆို ချက်များထဲတွင် စက်ရုံတွင်း သောက်သုံးရေ ဖူလုံစွာထားရှိပေးရေးနှင့် အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေးတို့ကို ထည့်သွင်း တောင်းဆို မည်ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြောကြသည်။
ထို့အတူ M.W.D.C စက်ရုံတွင် အလုပ်သမားများ၏ ကျန်းမာရေးကာကွယ်စောင့်လျှောက်ပေးခြင်းအားနည်းမှုများနှင့် စက်ရုံ ကြိုပို့ ကားများအချိန်မှန်ရေးတို့ကိုလည်း အလုပ်သမားများက တောင်းဆိုကြမည်ဟု ဆိုသည်။
“အခု အလုပ်မှာက အက်ဆစ်တွေအရမ်းသုံးလာတာ အရင်တုန်းက သမီးတို့ အက်ဆစ်က နှစ်ခွက်ပဲသုံးတာ အခုဆို ၁၀ ခွက် ၁၅ ခွက် လိုသလို သွန်ထည့်တယ်။ လက်တွေပေါက်တယ်နော် လက်အိတ်မပေးဘူး။ ပေးရင်လည်း လက်အိတ်ကို ဖြဲပြီးမှပေးတယ်။ အက်ဆစ်တွေလောင်တာ နည်းတာမဟုတ်ဘူး” ဟု ဆန္ဒပြအလုပ်သမ မချောစုထွေးက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့မနက်ပိုင်းက မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဒုဗိုလ်မှူးကြီးဟောင်း ဦးနေလင်း ရှေ့တွင် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်ကြသော်လည်း စက်ရုံပိုင်ရှင် ဦးအောင်မိုးကျော်မှာ စင်္ကာပူသို့ ခရီးလွန်နေကြောင်း၊ စက်ရုံမှူး ဦးစိုးမိုး နှင့် စက်ရုံ အတွင်းရေးမှူး ဒေါ်အေးသီတာအောင်တို့က အလုပ်သမားများ၏ တောင်းဆိုချက်များကို လုံးဝ လက်မခံဘူးလို့ ငြင်းဆိုကြောင်း အလုပ် သမားများက ဧရာဝတီသို့ပြောကြသည်။
M.W.D.C ခေါ် Myanmar Winery & Distillery Company Limited သည် မြန်မာနိုင်ငံတွင် လူသုံးများသော Grand Royal Special Reserve Whisky နှင့် Eagle Whisky၊ Royal Dry Gin၊ Golden Island Rum၊ Royal Special London၊ Jazz Wine Cooler၊ Grand Royal Drinking Water တို့ကို ထုတ်လုပ်သော ကုမ္မဏီဖြစ်ပြီး ထိုစက်ရုံမှူး ဦးစိုးမိုးသည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။
Source: irrawaddy

ရန်ကုန်နှင့် သီလဝါ မီးရရေး ၂၀၁၅ တွင် အပြီးဆောင်ရွက်မည်

ရန်ကုန်မြို့နှင့် သီလဝါစက်မှုဇုန် လျှပ်စစ်မီး အလုံအလောက် ရရှိရေးအတွက် သဘာဝ ဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံကို သီလဝါ စက်မှုဇုန်အနီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံနှင့်
ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဒီကိစ္စက ညှိနှိုင်းမှုတွေ လုပ်ပြီးပြီ။ ခု လေ့လာမှုတွေလည်း လုပ်နေပြီ။ ဒီအတွက် နားလည်မှု လက်မှတ်လည်း ထိုးပြီးပါပြီ” ဟု ပြောသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံမှ Busan Korea Biotechnology Co.,Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

စီမံကိန်းအရ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂ဝ၁၅ မတိုင်ခင် ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ယခု ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးပါက လက်ရှိ ဓာတ်အားသုံးစွဲမှု ပမာဏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်
ဖြစ်ပြီး ရန်ကုန်မြို့ကို ဥတုမရွေး ၂၄ နာရီ မီးပေးလာနိုင်မှာ ဖြစ်သည်။

“ရေအားကို အခြေခံပြီး ထုတ်တဲ့ ဓာတ်အားပေးရုံတွေကြောင့် နွေဆို ဓာတ်အား လုံလောက်မှုမရှိဘဲ ပြတ်လပ်မှုတွေ
ဖြစ်နေရတယ်။ ဒီဟာပြီးရင်တော့ အားလုံး အဆင်ပြေပါပြီ” ဟုဆိုသည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲနေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဧပြီလ ၂၅ ရက်နေ့ လွှတ်တော်တွင် ပြောကြားသွား သည်။

လက်ရှိတွင် ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။
Source:mizzimaburmese

သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော

 အပြစ်မရှိ၍ အဖမ်းခံရန် မလိုကြောင်း၊ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်သည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ် သက်ဆင်ကိုသာ သွားဖမ်းသင့်ကြောင်း မူးယစ်ဆေးမှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဆုငွေထုတ်ခံရသော ဗိုလ်ချုပ် စောလားပွယ်က ပြောဆိုလိုက်သည်။
ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ် စောလားပွယ် (ဓာတ်ပုံ - ဧရာဝတီ)
မူးယစ်ဆေးမှုဖြင့်စွပ်စွဲခံရပြီး ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းရှိ DKBA ဌာနချုပ်တွင် ယနေ့ ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်က ပြည်တွင်းပြည်ပ သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ဘာအပြစ်ရှိလို့ ထိုင်းမှာ သွားပြီးတော့ အဖမ်းသွားခံရမှာလဲ။ အပြစ်တွေ ကျနော့်ဆီကို ပုံချတယ်။ အရင်က ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ သက်ဆင်ကို သွားဖမ်းရင် မကောင်းဘူးလား။ သူကမှ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်ခဲ့တယ်။ ကျနော် မဟုတ်ဘူး” ဟု ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။
ယင်း သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာပြည်တွင်းမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်း သတင်းထောက် ၁၀ ဦးကျော် တက်ရောက်ကြောင်း သိရသည်။
ထိုင်းအဏာပိုင်များက မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စကို နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) မှ တာဝန်ရှိသူများ လာရောက် စုံစမ်းစစ်ဆေးရန် DKBA  က ဖိတ်ကြားထားပြီး ယင်းအဖွဲ့က စာကိုလက်ခံရရှိကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။
DEA က အကြောင်းကြားစာ လက်ခံရရှိသည်ဟု အကြောင်းပြန်သော်လည်း DEA အနေဖြင့် လာရောက် စုံစမ်းစစ်ဆေးမှု ပြုမပြုကိုမူ ဖော်ပြထားခြင်း မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။
ယခုကဲ့သို့ စွပ်စွဲပြောဆိုချက်များကို မိမိတို့ဘက်မှ အမှန်တရားအတွက် တရားမျှတစွာ ဖြေရှင်းလိုကြောင်း၊ မိမိတို့ အခြေပြုရာ ဒေသတွင် ထိုင်း ဒုဝန်ကြီးချုပ်မှ မူးယစ်ဆေးဝါးရှိသည်ဟု သံတယရှိသည့် မည့်သည့်နေရာမဆို နိုင်ငံတကာအစိုးရများနှင့် DEA အဖွဲ့မှ တာဝန်ရှိသူများအနေနှင့် ၀င်ရောက်ကြည့်ရှု စစ်ဆေးရန် မေတ္တာရပ်ခံတင်ပြကြောင်း ဗိုလ်နှုတ်ခမ်းမွေး၏ DEA သို့ ပေးစာတွင် ဖော်ပြထားသည်။
DEA သို့ အကြောင်းကြားစာ မိတ္တူကို ထိုင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ DEA ရုံးခွဲမှ တာဝန်ရှိသူများကိုလည်း ပေးပို့ထားကြောင်း သိရသည်။
ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) အကြီးအကဲ ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက “ဗိုလ်နှုတ်ခမ်းမွေးက မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူးလို့ ထိုင်းဘက်ကို ပြန်ပြောတယ်။ ပြဿနာကိုလည်း ရှုပ်ထွေးသွားအောင် လုပ်တယ်။ ဒါကတော့ တရားခံပြောတဲ့ စကားပါပဲ။ ယုံချင်ရင်ယုံ၊ မယုံချင်လဲနေ” ဟု ပြောကြောင်း ယနေ့ထိုင်းဘာသာဖြင့် ရေးထားသော Daily News အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သော ဝေါ်လေတပ်စခန်းတည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့်ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်ကို စွပ်စွဲပြီး ဆုငွေ ထုတ်ခြင်း ဖြစ်သည်။
DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ နောက်ကွယ်မှ တစုံတရာ ဖိအားပေးမှုများရှိကြောင်း ယူဆရပြီး သက်သေအထောက်အထားများဖြင့် ပြသရန် ခက်ခဲကြောင်း ဧရာဝတီသို့ ပြောသည်။
ထိုင်းအာဏာပိုင်များ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ် စောလားပွယ်မှာ တပ်ရင်းမှူး အဆင့်သာရှိကြောင်းလည်း ၎င်းက ဆိုသည်။
“ထိုင်းတွေ တချိန်က ကျနော်တို့ ဗိုလ်ချုပ် ချင်းမိုင်မှာ အစည်းအဝေးသွားတက်ပြီး ပြန်လာတုန်းက နယ်စပ်လှေဆိပ်မှာ ဖမ်းထားသေးတယ်။ အဲဒီအချိန်မှာ သူတို့ ဖမ်းထားလို့ရတာပဲ။ ဆုငွေ တဘတ်တောင် မကုန်ဘူး။ အခု ဒီအချိန်ကျမှ ထုတ်ပြန်တယ်ဆိုတော့ ဒီနောက်ကွယ်က ထိုးနှက်မှုတွေ အများကြီးပါမယ်လို့ ထင်တယ်” ဟု ဗိုလ်မှူးကြီး စန်းအောင်က ပြောသည်။
မြန်မာအစိုးရကဘက်က လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ တင်မားမှုနှင့်ပတ်သက်၍ ယနေ့အထိ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။
ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် ဖုပ္ဖရဒေသတွင် ထိုင်းလုံခြုံရေတပ်များ တင်းကျပ်ထားပြီး မြန်မာဘက်ကမ်း DKBA ထိန်းချုပ်ဒေသရှိ နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည်။
မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတားကိုလည်း DKBA တပ်ဖွဲ့ဝင်များက ပိတ်ရန် စီစဉ်ထားသောကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြပြီး ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက အပြောအဆို မတတ်ကြောင်း အပြစ်တင်နေကြသည်ဟု သိရသည်။
ONCB က ဆုငွေထုတ်ထားသည့် မြန်မာနိုင်ငံသား ၃ ဦးအနက် တဦးဖြစ်ပြီး မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုတွင် သံသယရှိသူ နော်ခမ်းကို လာအိုအာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ တရုတ်ရဲလက်သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။
တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရှိ မူးယစ်ဆေးထိန်းချုပ်ရေး ဗြူရို ညွှန်ကြားရေးမှူး Liu Yuejin က တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့သည် နယ်စပ်ဖြတ်ကျော် မူခင်းများ တိုက်ဖျက်ရေးအတွက် အတူပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဖမ်းမိထားသော ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို လွှဲပြောင်းယူခြင်းဖြစ်ကြောင်း၊ မဲခေါင်မြစ်တလျှောက် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိမ်းသိမ်းနေကြောင်း ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
Source: irrawaddy
နေ့မှာ