မူလစာမျက်နှာ

Monday 17 January 2011

တိုးချဲ့မည့်အရှေ့အလယ်ပိုင်းတိုင်းသို့ပို့ရန်နယ်မြေခံ တပ်ရင်းများမှ စစ်အင်အားအချို့ရွေးထုတ်နေ

ထပ်မံတိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသို့ပို့ရန် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် လားရှိုး ရှိနယ်မြေခံ တပ်ရင်းများမှ တပ်အင်အားများ  ရွေးထုတ်စုဆောင်း ထားပြီးဖြစ်ကြောင်း သိန္နီသတင်းရပ်ကွက်ထံမှ ကြားသိရသည်။
“ဒီလကုန်ရင် စစ်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်  တောင်ကြီးကိုလာထိုင်တော့မှာတဲ့။ အရှေ့ အလယ်ပိုင်းပါရင် စစ်တိုင်း ၄ တိုင်းရဲ့ တိုင်းချုပ်ကြီးဖြစ်တော့မှာပေါ့ ” ဟု   စစ်တပ်အသိုင်းအ၀ိုင်းနှင့်နီးစပ်သည့် လားရှိုးဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။ 

၁ တပ်ရင်း အင်အား ၆၀ ဖြင့် သိန္နီ စကခ ၁၆ လက်အောက်ခံ ခလရ ၆၉၊ ခလရ ၂၄၀၊ ၂၄၁၊ လားရှိုး ခမရ ၅၀၇ နှင့် ခလရ ၆၈ နှင့် ၄၁ တို့အပြင် အင်္ဂျင်နီယာတပ် ၉၀၂ ထဲမှလည်းရွေးထုတ်ထားကြောင်းသိရသည်။

“ဆန္ဒအပြည့်ဝမ်းသာအယ်လဲနဲ့ သွားတဲ့ အရာရှိ တယောက်မှမရှိဘူး။ အရှေ့အလယ်ပိုင်းတိုင်း ထပ်တိုးမယ်ဆိုတာက တိုက်ဖို့ ခိုက်ဖို့ရှေ့တန်းတက်ဖို့ အဓိက ဘဲဆိုတော့သေမှာကြောက်ကြတာလေ။ တချို့တောင်မှ  ထွက်ခွင့်နားခွင့်တောင်းထားတယ် လို့ တောင်ကြားရတယ်” ဟု အဆိုပါအမျိုးသမီး နှင့် အမျိုးတော်စပ်သည့် စစ်တပ်အရာရှိကတော်တစ်ဦးကလည်း ပြောပြသည်။

ယခင်သျှမ်းပြည်တပ်မတော် ကေဒါဟောင်းတဦးက-“ စစ်တိုင်းတတိုင်းဆိုရင် အမှန်က ၂၅ တပ်ရင်း ရှိရ မယ် ။ အခုက သိန္နီနဲ့ လားရှိုးဘဲကြားရသေးတယ်။ အင်အားပြည့်ဖို့ တပ်သားသစ်ကောက်မယ့်ပြသနာရှိလာဦးမယ်။ ဒါပေမယ့် အရင်က အခြေအနေ ကိုပြန်ကြည့်ရင် နအဖစစ်တပ်က ဘယ်လောက်ဘဲတပ်သားသစ်တွေထပ်ကောက်ကော်  တပ်အင်အားက သိသိသာသာတိုးလာ တာမ တွေ့ရဘူး။ ဘာလို့လဲဆိုတော့ လတိုင်းထွက်ပြေးနေကြတာလေ။  နှစ်တိုင်းထောင်ချီရှိတယ်လို့သိရတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လားရှိုးအခြေစိုက် ယခင် ခလရ ၆၈ တွင်  အိမ်ထောင်သည်လိုင်း စစ်တန်းလျား ၂၅ ခုအတွင်း လူပြည့်ခဲ့ဖူးသော် လည်း ယခုအခါ လူနေသည့်အိမ်ထောင်သည်လိုင်း ၂-၃ ခုသာ ကျန်တော့ကြောင်း အဆိုပါတပ်ရင်း၌ နေထိုင်ခဲ့ဖူးသူ တပ်မိသားစုဝင်တဦး ကပြောသည်။

“ ၁၉၉၀ လောက်တုန်းက ကျနော် ၆၈ မှာနေဖူးတယ်။ အောက်လိုင်းလို့ခေါ်တဲ့ အကြပ်တပ်သား အိမ်ထောင်သည်လိုင်း   စစ်တန်းလျား ၂၅ တန်းက အပြည့်ဘဲ။ တတန်းလျားမှာ ၈ ခန်းရှိတယ်။ အပေါ်လိုင်းလို့ခေါ်တဲ့ အရာရှိလိုင်းတော့ လူမပြည့်ဘူး။ ၂၀၀၅ - ၂၀၀၆ တုန်းက တပ်ထဲပြန်သွားလည်တော့ လူပြည့်တဲ့အောက်လိုင်းက ၂ တန်းဘဲကျန်တော့တယ်။ ကျန်တာ တွေ လူမရှိလို့ စုတ်ပြတ်သပ်ပေါက်ပြဲကုန်ပြီ။  စစ်ရေးလေ့ကျင့်မှုသင်တန်းလဲ  ၁၉၈၈ အရေးအခင်းမတိုင်ခင်တုန်းကနှစ်တိုင်း တနှစ် ၂ သုတ် ရှိတယ်။ အဲ့တုန်းက တသုတ်မှာလူ ၃၀၀ လောက်နဲ့ သင်တန်းကာလ ၆ လကြာတယ်။ ၁၉၉၀ လောက် ရောက်တော့ သင်တန်းမှာ လူ ၆၀ လောက်ဘဲရှိတော့တယ်။ သင်တန်းကာလလဲ ၃ လဘဲလုပ်တော့တယ်။ ၁၉၉၉ မှာတော့ စစ်ရေးလေ့ကျင့်မှု (ရဲဘော်သစ်သင်တန်း) ဆိုတာ  မရှိတော့ဘူး” - ဟု ၎င်း၏ကိုယ်တွေ့ဖြစ်ရပ်ကို  ပြောပြသည်။

Source:mongloi

No comments:

နေ့မှာ