မူလစာမျက်နှာ

Thursday 10 May 2012

"မြစ်ရေ လက်ရှိရေမှတ်ထက် မြင့်တက်နိုင်"

ယခုလအတွင်း မြန်မာနိုင်ငံရှိမြစ်ရေများ လက်ရှိရေမှတ် ထက် မြင့် တက်လာနိုင်သော်လည်း စိုးရိမ်ရေမှတ်သို့ မရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
လက်ရှိ ရေမှတ်များ အထက်မြင့်တက်လာနိုင်သော မြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်နှင့် ငဝန် မြစ်တို့ဖြစ်သည်။
မေလ ပထမ ၁ဝ ရက်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာမြို့တို့တွင် (၁၅ဝ စင်တီမီတာ)၅ ပေခန့်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ တို့တွင် (၉ဝ- စင်တီမီတာ) ၃ ပေခန့်၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် (၇၅ စင်တီမီတာ) ၂ ပေခွဲခန့် လက်ရှိ ရေ မှတ်များအထက် မြင့်တက်လာနိုင်ပြီး ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မ လင်းမြို့တို့တွင် (၁၅ဝ စင်တီမီ တာ) ၅-ပေခန့်၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် (၉ဝ စင်တီမီတာ) ၃ ပေခန့် လက်ရှိ ရေမှတ်များ အထက်သို့ မြင့်တက် လာနိုင်ကြောင်း နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ''မိုးရွာမယ် မှန်းထား လို့ မြစ်ရေတွေတက်မယ်လို့ ပြောတာပါ။ ဒါပေမဲ့ နွေကာလက ရေတအား ကျနေခဲ့တဲ့အတွက် ရုတ်တရက် စိုးရိမ်ရေမှတ်အထိ မရောက်နိုင်ဘူး။ စိုးရိမ်ရေမှတ် ရောက်ဖို့က အဝေးကြီးလိုသေးတယ်။ တကယ်မိုးများတဲ့ ဇွန်၊ ဇူလိုင်ကာလတွေမှ စိုးရိမ်ရေမှတ် ရောက်တာပါ။ အခု ကာလ မြစ်ရေ တက်တာ မိုးရွာလို့ ကျနေတဲ့ရေက တဖြည်းဖြည်း ပြန်တက်လာမယ့် သဘောပါပဲ။ စိုးရိမ်စရာမရှိပါဘူး'' ဟု ပြောသည်။
ထို့အပြင် မိုးရွာသွန်းမှု အခြေ အနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက်ပိုကာ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း ၊ နေ့အပူချိန်များ အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ တွင် မေလ၏ ပျမ်းမျှ အပူချိန် ထက်ပိုပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Source:FB

No comments:

နေ့မှာ