မူလစာမျက်နှာ

Monday 30 April 2012

မယ်စဲ့မြို့နယ် ၂၄ နာရီမီးလင်းဖို့ တင်ပြဆွေးနွေး


“မြို့တမြို့ရဲ့ စည်ကား သိုက်မြိုက်မှုဆိုတာ လျှပ်စစ်မီး ၂၄ နာရီ ရမယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းမယ်။ ဆက်သွယ်မှု အပိုင်းမှာတော့ ကျနော်တို့ ဖုန်းကိစ္စ ပါသွားတာပေါ့။ အဲဒါလေးတွေ ရမယ်ဆိုရင် ကျနော်တို့ မြို့လေးဟာ တော်တော်လေး စည်ကား သိုက်မြိုက်ပြီးတော့ နယ်စပ်မြို့လေးအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်”
မယ်စဲ့မှ မြို့မိမြို့ဖ ဦးခင်မောင်ဌေးက ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ မယ်စဲ့မှ လူထုတွေနဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာ တင်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။
မယ်စဲ့မြို့နဲ့ ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဟာ ပေါက်ရောက်သော်လည်း လမ်းအခြေအနေ လွန်စွာ ကြမ်းတမ်း လှပါတယ်။ ဘာကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေချင်တာလဲဆိုတာ ဦးခင်မောင်ဌေးက အခုလို ထပ်မံ ရှင်းပြ သွားပါတယ်။
“ကျနော်တို့ နှစ်နိုင်ငံ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံနဲ့ ကပ်လျက်ဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံတော် အဆင့်လူကြီးပဲလာလာ ကျနော်တို့ တဖက်နိုင်ငံမှ ဧည့်သည်တော်များ လာရင်ပဲဖြစ်ဖြစ် ကြည့်ပျော်ရှုပျော် လျှပ်စစ်မီး ၂၄ နာရီ ရမယ်။ ဖုန်းဆက်သွယ်မှုကောင်းမယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမယ်ဆိုရင် အများကြီး အဆင်ပြေသွားနိုင်ပါတယ်ခင်ဗျား”
KNPP အနေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ပြည်သူလူထုတွေကလည်း ငြိမ်းချမ်းရေးကို အမြဲတမ်း မျှော်လင့်နေကြောင်း မယ်စဲ့မှ အမျိုးသမီးထု ကိုယ်စားလှယ် ဒေါ်ငယ်က ဆွေးနွေးပွဲမှာ ပြောပါတယ်။
မယ်စဲ့မြို့နယ်မှ ဘီပီ ၁၃ (ထိုင်း-ကရင်နီ နယ်စပ်)သို့ သွားသောလမ်းတွင် ပျက်စီးနေသော တံတားတခု (ဓါတ်ပုံ-ကေတီ)

“KNPP အဖွဲ့နှင့်တကွ ပြည်သူလူထုများအားလုံး၊ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ငြိမ်းချမ်းကြမယ်ဆိုရင် ကျမတို့၏ ပြည်သူလူထုကိုယ်စား ပြောချင်တာကတော့ အကုန်လုံး အဆင်ပြေ ငြိမ်းချမ်းနိုင်မှာပါလို့ ကျမတို့လည်း ထာဝရ ဆုမွန်ကောင်း တောင်းလျက်ပါ။ အခုလို ကျမတို့ ဒီလိုမျိုး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာ အမြဲတမ်း နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ ပြည်သူလူထု ဘ၀ပါရှင်”
မယ်စဲ့မြို့နယ်မှ လူငယ်တွေကလည်း KNPP နဲ့ အစိုးရတို့ဟာ ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီး တိုင်ပင်ညှိနှိုင်း သွားစေချင်တယ်လို့ ဆိုကြပါတယ်။
“လာမယ့် ပြည်ထောင်စု ဆွေးနွေးပွဲတွင် ကယားပြည်နယ်အတွင်းရှိ လူငယ်များအတွက် ဖွံ့ဖြိုးရေး ဆိုင်ရာ အဆောက်အဦး၊ ပညာရေးဆိုင်ရာ အဆောက်အဦးနဲ့ ကယားပြည်နယ်ရှိ လူငယ်များသည် အခြားသော ပြည်နယ်များကဲ့သို့ လူမျိုး၊ ဘာသာ၊ အရောင်အဆင်းမခွဲခြားဘဲ မိမိပညာ အရည်အချင်းနဲ့ ထိုက်တန်သော အလုပ်ရရှိဖို့ တောင်းဆို ဆွေးနွေးပေးပါ” လို့ မယ်စဲ့မှ လူငယ်တဦးကပြောပါတယ်။
မယ်စဲ့မြို့နယ်မှာ ပြုလုပ်တဲ့ KNPP နဲ့ ကရင်နီလူထု တွေ့ဆုံဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ မှာ ပြုလုပ်ပြီး လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
Source:ktimes

No comments:

နေ့မှာ