၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီး အဖြစ် ထမ်းဆောင်ခဲ့သူ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ ၁၁၃ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို
မြန်မာလူငယ် မူဆလင်များ စုပေါင်းပြီး ရန်ကုန်မြို့တွင် ၂၀ ရက်နေ့က ကျင်းပခဲ့သည်။အဆိုပါ ဆုတောင်းပွဲသို့ မွတ်စလင်လူငယ် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ မွေးနေ့ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ကို ဖတ်ကြား ဆုတောင်းပြီးမိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းခဲ့ကြသည်။
ဦးရာဇတ်ကို တိုက်ပိုင်အင်စပိတ်တော် မစ္စတာ အေ၊ ရာမန်နှင့် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသော သားသမီး ၁၃-ယောက်အနက် စတုထ္ထသားဖြစ်သည်။ မိထ္ထီလာမြို့တွင် ၁၈၉၈-ခုနှစ် ဇန်ဝါရီလ ၂၀-ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။ မိခင်မှာ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သောကြောင့် ညီအစ်ကို မောင်နှမများက ဗုဒ္ဓဘာသာ ယူကြသော်လည်း ဦးရာဇတ်က ဖခင်ရဲ့ အစ္စလာမ်ဘာသာကိုပင် ယူခဲ့သည်။ ရန်ကုန်ကောလိပ်မှ အင်္ဂလိပ်စာ မေဂျာဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။
သို့သော် ဆရာကြီးသည် ဗုဒ္ဓအယူဝါဒီ ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီး ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့် ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးမြို့ကဲ့သို့သော မြို့ကြီးတစ်မြို့ရှိ အမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ် အဖြစ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းအုပ်အဖြစ် အမှုထမ်းစဉ် ကျောင်းသားများ၏ ကိုယ် လက်ကျန်းမာရေးအတွက် ကွင်းဆင်းချိန်၌ ကွင်းမဆင်းသူများနှင့် နံနက်တိုင်း ဘုရားရှိခိုးချိန်တွင် ဘုရားမရှိခိုး တက်သော ကျောင်းသားများကို ကြိမ်လုံးတစ်ချောင်းဖြင့် ကြပ်မတ်ပေးလေ့ရှိသည်။
ကျောင်းသူကျောင်းသားများက ဆရာကြီးကို အမြဲတစေ ချစ်ကြောက်ရိုသေကြသည်။ မန္တလေးမြို့ အထက်တန်း ကျောင်းအုပ်ကြီး ဦးရာဇတ်သည် ကျောင်းသားများအား ပညာကိုသာမက မျိုးချစ်စိတ်ဓါတ်ကိုပါ သွတ်သွင်းပေးခဲ့သည်။
ကျောင်းတွင် မအမာ အပါအ၀င် ကျောင်းသားများကို သမဂ္ဂဖွဲ့စည်းစေပြီး၊ ထိုစဉ်က ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် စသည်တို့နှင့် အဆက်အသွယ် ပြုလုပ်ပေးခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် ဒုတိယအကြိမ်ကျောင်းသားကွန်ဖရင့် မန္တလေးမြို့တွင် ကျင်းပရာ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့အလာတွင် ဆရာကြီးဦးရာဇတ် အမှူးပြုသော အမျိုးသား ကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံကြိုဆို ခဲ့သည်၊
ဦးရာဇတ်သည် မြန်မာအမျိုးသားတို့ကို ချစ်ခင်သူဖြစ်သည့်အတိုင်း ဗမာ-မွတ်ဆလင် ဟူသောအမည်ကို စတင်၍ အသုံးပြုခဲ့လေသည်။ ဒုတိယကမ္ဘာစစ် ဂျပန်အုပ်ချုပ်ရေးကာလတွင် ထောင်ကျခဲ့သည်။ ဦးရာဇတ်သည် ၁၉၄၅-ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မန္တလေးခရိုင် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ)တွင် ပထမဦးစွာ ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။
၁၉၄၇-ဧပြီလတွင်တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပသောအခါ မန္တလေး မြို့မ အရှေ့ပိုင်းအမတ်အဖြစ် ရွေးကောက် ခြင်းခံရသည်။
ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရ၀န်ကြီးအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၇-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ဒီကရီကောလိပ်အဖြစ် တိုးမြင့်ဖွင့်လှစ် နိုင်ခဲ့ခြင်းမှာလည်း ဆရာကြီး ဦးရာဇာတ်၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။ ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဆရာကြီးဦးရာဇာတ်သည် ဗိုလ်ချုပ် အောင်ဆန်း၊ အခြားနိုင်ငံ ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရ သည်။
ဆရာကြီးဦးရာဇတ်မှာ အစ္စလမ်ဘာသာဖြစ်သော်လည်း တယူသန်သူမဟုတ်ဘဲ ဘာသာပေါင်းစုံညီညွတ်ရေးကို စံပြလုပ်ပြခဲ့သူ ဖြစ်သည်။ ပါဠိဘာသာ တတ်ကျွမ်းပြီး ဗုဒ္ဓစာပေများကို ထဲထဲဝင်ဝင် လေ့လာရင်း ပါဠိ တက္ကသိုလ် တစ်ခု ဖြစ်ဖြစ်မြောက်ဖို့ အာားထုတ်ခဲ့သူ ဖြစ်သည်။ ဦးရာဇတ်ရဲ့ အယူအဆ ရပ်တည်ချက်နှင့် ဆောင်ရွက် ချက်များမှာ ယနေ့ တစ်ကမ္ဘာလုံးရှိ ဘာသာရေး အစွန်း ရောက် ၀ါဒီများအတွက် သင်ခန်းစာ ယူစရာ အများ ကြီးရှိသည်။ မုတ်ဆိတ်ကျင်စွယ် ထားခဲ့သူ မဟုတ်။ နက်ကတိုင်နှင့် ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်ခဲ့တဲ့ မူဆလင် မြန်မာမျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ယနေ့ခေတ် မူဆလင်များတွင် ဘာသာရေးဝတ်ရုံနှင့် ခေါင်းဆောင်းများ ဖက်ရှင်ဖြစ်လာချိန်တွင် ဆရာကြီးဦးရာဇတ် ဒီကနေ့ရှိပါက နက်ကတိုင်စည်းပြီး အနောက်တိုင်းဝတ်စုံဝတ်မလား သို့မဟုတ် တိုက်ပုံနဲ့ နေမလား၊ မုတ်ဆိတ် ကျင်စွယ် ထားပြီး ခေါင်းဆောင်း အမြဲဆောင်းမလားဆိုတာ အားလုံးအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။
ရည်ညွှန်းကိုးကား။ မြန်မာ့စွယ်စုံကျမ်း
Source:maukkha
No comments:
Post a Comment