မူလစာမျက်နှာ

Monday 17 January 2011

တက်ကြွတဲ့ စာသင်ခန်း ဖြစ်ရန် ပိုမိုကြိုးစား ကြဖို့လိုအပ်

ထိုင်းကျောင်းဆရာများနေ့တွင် တက်ကြွသော စာသင်ခန်းများ ဖြစ်လာရန် ပိုမိုကြိုးစား ကြရဦးမည်ဟု ဆုရကျောင်းဆရာများက ပြောကြားလိုက်သည်။


နှစ်စဉ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ကျောင်းဆရာများကို ဂုဏ်ပြုသည့်အနေဖြင့် ထိုင်းကျောင်းဆရာများနေ့ အဖြစ် သတ်မှတ်ထားရှိသည်။
ဝန်ဂွန်ကောင်းကျောင်းမှ ဆရာမ သီရိပွန်မန်းဂန်၊ ၀တ်ပါနမ်ဖန်နူဝါကျောင်းမှ ဆရာမ ယုဝတီနတ်ထရပ်နှင့် ဘန်ရော့ဖိုင်ကျောင်းမှ ဆရာ ရှက်ခရစ်ဟဟန်တို့မှ ပြောင်းလဲမှု မြန်ဆန်နေသည့် ကမ္ဘာကြီးနှင့်အတူ အမီလိုက်ပါပြောင်းလဲနိုင်ရန် လိုအပ်နေသည့်အတွက် စာသင်ကြားခြင်းနည်းလမ်းများကို လိုက်ပါပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း ပြောပြခဲ့ကြသည်။
စာသင်နှစ် ထူးချွန်ဆုရ ဆရာမ ယုဝတီမှ ကျောင်းသူကျောင်းသားများ၏ မျက်လုံးများထဲတွင် မိမိကိုယ်ကို ယုံကြည်မှုများရှိနေသည်ကို တွေ့မြင်ရခြင်းမှာ သူမအတွက် အကောင်းဆုံး ဆုပင်ဖြစ်ကြောင်း ရှင်းပြသည်။ နှစ်ပေါင်း ၂၀ ကျော် ကျောင်းဆရာမတာဝန်ကို ထမ်းဆောင်ခဲ့ပြီးသော်လည်း လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စပြီး စာသင်ကြားခြင်းနည်းလမ်းကို လုံးဝပြောင်းလဲပစ်ခဲ့ပါကြောင်းနှင့် ထိုသို့ ပြောင်းလဲလုပ်ဆောင်ကြရန် မကြောက်ရွံ့သင့်ကြောင်းကို တင်ပြခဲ့သည်။ သူမသည် ယခုအခါတွင် သင်ကြားရေး ကြားခံမာလ်တီမီဒီယာများကို စာသင်ခန်းအတွင် အသုံးပြုနေပြီဖြစ်သည်။
“ကျမရဲ့ ကျောင်းသားတွေက မေးခွန်းတွေ မေးဝံ့ကြပါတယ်။ သူတို့အမြင်တွေကိုလည်း ပွင့်လင်းစွာ တင်ပြနိုင်ကြတယ်။ ကာတွန်းဇာတ်ရုပ်တွေနဲ့ တက်ကြွတဲ့ စာသင်ခန်း လုပ်ဆောင်ချက်တွေကို ထည့်သွင်းလာတဲ့နောက်ပိုင်းမှာ သူတို့ဟာ ပိုမို စိတ်ပါဝင်စားလာကြတော့တယ်။ မျှော်လင့်ထားတာထက်ကို ပိုပြီး အောင်မြင်တယ်လို့ ကျမ ခံစားရပါတယ်။ ဒီနှစ်ဝက်မှာ ကျောင်းသား တယောက်ကိုမှ အပြစ်လည်း ပေးစရာ မလိုခဲ့ပါဘူး။”
“ကလေးတွေဆီကလည်း ပြန်သင်ကြားလေ့လာကြဖို့ ဆရာများအနေနဲ့ လိုအပ်ပါတယ်။ နွေးထွေးတဲ့၊ ရင်းနှီးတဲ့ ဆက်ဆံရေးထားရှိသင့်တယ်။ ဒါမှ လွတ်လပ်ပွင့်လင်းကြမယ်။ စိတ်ကို ဖွင့်ထားကြမယ်။” သူမက ရှင်းပြခဲ့သည်။
အင်္ဂလိပ်ဆရာဖြစ်သူ ရှက်ခရစ်မှ ကျောင်းသားများအတွက် သူလည်း ပြောင်းလဲ သင်ကြားခဲ့ကြောင်း ပြောပြခဲ့သည်။
လွန်ခဲ့သော ၂ နှစ်ကာလအထိ သူသည် ပျင်းစရာကောင်းသော ဆရာတစ်ဦးသာ ဖြစ်ခဲ့ကြောင်း၊ ဖတ်စာအုပ်ထဲမှ အကြောင်းအရာများကိုသာ ဤ၊ သည်မရွေး သင်ကြားသောကြောင့်ဖြစ်ကြောင်း၊ ဆိုးသော ကျောင်းသားများကိုလည်း လွန်စွာ ဒေါသထွက်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ ယခုအခါတွင်မူ သူသည် ပိုမို တည်ငြိမ်သောဆရာ တစ်ဦးဖြစ်နေလေပြီ။ ကျောင်းသားများအပေါ် နားလည်မှုရှိခြင်းနှင့် တက်ကြွသော စာသင်ခန်းဖြစ်ခြင်းတို့သည် အကောင်းဆုံး ရလဒ်များကို ရရှိစေကြောင်း သဘောပေါက်လျက်ရှိသည်။ နောက်ဆုံးနည်းပညာများဖြစ်သည့် ကွန်ပျူတာနှင့် အင်တာနက်တို့ကို စာသင်ခန်းအတွင်း အသုံးပြုကြကြောင်း သူငယ်ချင်းများ၊ အနောက်တိုင်း ကျောင်းများမှ ကျောင်းသားများနှင့် ဆက်သွယ်ကြရန် FACEBOOK ကို အသုံးပြုကြကြောင်း ပြောပြခဲ့သည်။
“ကလေးတွေဟာ တကယ့်ကို ထူးချွန်လာကြတယ်။ ပိုပြီးတော့လည်း ပျော်ရွှင်နေကြတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က စပြီးတော့ ပြောင်းလဲလုပ်ကြည့်ခဲ့တာပါ။ အခြားနိုင်ငံများမှ ဆရာများထံက နည်းယူလိုက်တာပါ။ Teacher TV အစီအစဉ်ကနေ အမြင်သစ်ရရှိခဲ့တယ်။”
“ဆရာများဟာ သူတို့ရဲ့ အမြင်သဘေထားများကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဒါမှ ပိုကောင်းတဲ့ စာသင်ခန်း ဖြစ်လာမယ်။”
Source:maukkha

No comments:

နေ့မှာ