ရန်ကုန်မြို့၊ ရန်ကုန် ၀ိဇ္ဖာနဲ့ သိပ္ပံတက္ကသိုလ်အနီးရှိ တံတားဖြူတွင် ၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများအား လုံထိန်းတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်း ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို အောက်မေ့သတိရတဲ့အနေနဲ့ ရန်ကုန် (၀ိဇ္ဖာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂ မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ မင်္ဂလာ ဒို့ရိုးရာ ခန်းမတွင် ကျင်းပခဲ့ပါတယ်။ ထို အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများ၊ ဖိတ်ကြားထားသူများ၊ စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ မင်းဇေယျ၊ ဋ္ဌေးကြွယ်၊ ဂျင်မီ၊ အောင်သူ၊ လှမျိုးနောင်တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။ အခမ်းအနား ကျင်းပပြီးတဲ့နောက် ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်ကြတဲ့ ကိုကိုကြီး၊ မြအေး၊ ပြုံးချိုတို့ ဦးဆောင်တဲ့ အဖွဲ့က အခင်းဖြစ်ပွားခဲ့ရာ တံတားနီနဲ့ အင်းလျားကန်ဘောင်ကို သွားရောက်ခဲ့ကြကာ အမှတ်တရ နှင်းဆီပန်းနီများနဲ့ ကျဆုံးသွားခဲ့သူများအား ဂုဏ်ပြုခြင်း၊ အင်းလျားကန်ဘောင်တွင် ၈၈ တံတားနီ အမှတ်တရ အစီအစဉ်ကို ကျင်းပခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့ ၂၄ နှစ် (၁၉၈၈ မတ်လ ၁၆ ရက်နေ့) က ရန်ကုန်တက္ကသိုလ်အနီး အင်းလျားကန်ဘောင်နံဘေး တံတားဖြူအရပ်တွင် ဖြစ်ပွားခဲ့တဲ့ လုံထိန်းတပ်ဖွဲ့ဝင်များက တက္ကသိုလ်ကျောင်းသားများအား အင်အားသုံး ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ဟာ ၁၉၈၈ လူထုအရေးတော်ပုံ ပေါ်ပေါက်လာစေတဲ့ အဓိက အကြောင်းရင်းများထဲက တခုအပါအ၀င် ဖြစ်ခဲ့ပြီး ကျောင်းသားမိဘများ အပါအ၀င် မြန်မာပြည်သူလူထုကို ဒေါသအမျက် ထွက်စေတဲ့ အဖြစ်အပျက်တခု ဖြစ်ပါတယ်။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများနဲ့ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်က လူငယ်များ လက်ဖက်ရည်ဆိုင်တွင် ရန်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှ စတင်ကာ အာဏာပိုင်များက ကျောင်းသားများကို အင်အားသုံး နှိမ်နင်းခဲ့ရာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ရပါတယ်။ ထို အဖြစ်အပျက်ကို ကန့်ကွက်ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများဟာ ရန်ကုန်တက္ကသိုလ် (ပင်မ) မှ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ ငြိမ်းချမ်းစွာ လမ်းလျှောက်သွားကြစဉ် တံတားဖြူအရောက် ချီတက်ရာ လမ်းကြောင်း ရှေ့ဘက်ရှိ စစ်တပ်က လမ်းကို သံဆူးကြိုးများနဲ့ ပိတ်ဆို့၊ နောက်ဘက်ကနေ လုံထိန်းတပ်ဖွဲ့ဝင်များ တင်ဆောင်လာတဲ့ မော်တော်ကားများက ကျောင်းသားထုအတွင်း အတင်း ၀င်ရောက်၊ မျက်ရည်ယိုဗုံးများ အသုံးပြုပြီး လူစုခွဲ၊ တုတ်များနဲ့ အင်အားသုံးကာ သေကြေ၊ အနာတရ ဖြစ်အောင် ရိုက်နှက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ကျောင်းသားများအား ဖမ်းဆီး၊ အချုပ်ကားများအတွင်း အဆမတန် ထည့်သွင်းပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ကြပါတယ်။ ထို အဖြစ်အပျက်တွင် အင်းလျားကန်အတွင်း ဆင်းပြီး ပုန်းနေတဲ့ ကျောင်းသားများအား ရေနှစ် သတ်ဖြတ်ခြင်း၊ ကျောင်းသူများအား မတရား ပြုကျင့်ခြင်း၊ အချုပ်ကားများအတွင်း သတ်မှတ်ဦးရေထက် အဆမတန် ပိုမို ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့တဲ့အတွက် အခင်းဖြစ်ပွားရာနေရာတွင် သေကြေခဲ့သူများ၊ အချုပ်ကားများအတွင်း မွန်းကြပ် သေဆုံးခဲ့သူများ ရှိခဲ့ပါတယ်။ထို ဖြစ်ရပ်ကို ကျောင်းသားများက ဘီဘီစီသတင်းဌာနအား ပြောပြခဲ့ပြီး ဘီဘီစီ အသံလွှင့်ဌာနရဲ့ ထုတ်လွှင့်ချက်ကို နားထောင်ရသူ မြန်မာပြည်သူအများ ယူကြုံးမရ ဖြစ်ခဲ့ကာ ၂၆ နှစ်ကြာ အုပ်စိုးခဲ့တဲ့ တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့အား အော့နှလုံးနာခဲ့ကြပါတယ်။ ထို အဖြစ်အပျက်နဲ့ ဆက်စပ်ကာ တက္ကသိုလ်ကျောင်းသားများက တံတားဖြူကို တံတားနီဟု ကင်ပွန်းတပ်ပြီး တံတားနီနေ့ အခမ်းအနားများကို မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံများတွင် ကျင်းပခဲ့ပါတယ်။ တံတားနီနေ့ အခမ်းအနားများကို မြန်မာအာဏာပိုင် အဆက်ဆက်က အစိုးရအား အံတုတဲ့ အခမ်းအနားများအဖြစ် ရှုမြင်ခဲ့ကြကာ ပြည်တွင်း၌ ကျင်းပသူများကို အခွင့်သင့်သလို ဖမ်းဆီး ချုပ်နှောင် နှိပ်စက်မှုများ ပြုလုပ်ခဲ့သော်လည်း ၂၄ နှစ်ကြာတဲ့အခါမှာတော့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခြင်းကို ခွင့်ပြုခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားကျောင်းသူများအား လုံးထိန်းတပ်ဖွဲ့များက ရိုက်နှက် ဖမ်းဆီးရာ အင်းလျားကန်ဘောင် တနေရာ
အင်းလျားကန်ဘောင်ပေါ်တွင် အမှတ်တရဓါတ်ပုံ ရိုက်ကူးစဉ်
ကျဆုံးခဲ့သူများအတွက် အမှတ်တရ နှင်းဆီနီ
အမှတ်တရ လှုပ်ရှားမှု ပြုလုပ်သူများအား အင်းလျားကန်ဘောင် တနေရာတွင် တွေ့ရစဉ်
ဓါတ်ပုံသတင်း - တံတားနီ နေ့ အခမ်းအနား ရန်ကုန် - Mar 19 2012 04:41 AM EST
Source:burmatoday
No comments:
Post a Comment