မူလစာမျက်နှာ

Thursday 15 March 2012

ဝန်ကြီးဌာနတချို့ ပြင်ဆင်ဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြ

2012-03-14
မလိုအပ်တဲ့ ၀န်ကြီးဌာနတချို့ကို ဒီမိုကရေစီစနစ်နဲ့ ညီအောင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းသင့်ကြောင်း အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့ကြပါတယ်။
AFP PHOTO/POOL/NYEIN CHAN NAING
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
အထူးသဖြင့် လုံထိန်းရဲတပ်ဖွဲ့လို လူ့အခွင့်အရေးကိုဖိနှိပ်တဲ့ ယန္တရားမျိုးတွေကို တိုးချဲ့ဖို့မလိုအပ်ကြောင်း၊ ဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အားနဲ့ ဥပဒေကျွမ်းကျင်သူများသာ လိုအပ်ကြောင်း၊ သမဝါယမ ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနတွေ ဖွဲ့စည်းပုံကို သုံးသပ်သင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မနေ့က တင်ပြဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးဌာနတွေအနေနဲ့ ပြင်ဆင်ပြောင်းလဲမှုတချို့ လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ ၀န်ကြီးက ပြန်လည်ရှင်းပြခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးကို လိုလားတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်လာအောင် အခုလို အဆိုပြုချက်တွေကို တင်သွင်းရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒေါက်တာအေးမောင်ဟာ အမျိုးသားလွှတ်တော်ရဲ့ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌတာဝန် ယူထားပါတယ်။
Source:rfa

No comments:

နေ့မှာ