မူလစာမျက်နှာ

Thursday 14 July 2011

သာသနာ့ အာဇာနည်တပါး၏ နောက်ဆုံးခရီး


နိုင်ငံရေးအကျဉ်းသားဟောင်း သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ဆရာတော် ဦးဇဝန (သက်တော် ၇၂၊ ၀ါတော် ၅၂ ၀ါ) ၏ အန္တိမ ဈာပန အခမ်းအနားကို ယနေ့နေ့လည် ၂ နာရီက ရေဝေးသုဿန်တွင် ကျင်းပရာ နယ်ပယ်အသီးသီးမှ လူ များစွာက လိုက်ပါပို့ဆောင်ကြသည်။

“အခု ရေဝေးမှာ လိုက်ပို့တဲ့သူတွေ အရမ်းများတယ်။ နိုင်ငံရေးနယ်ပယ်က အများဆုံးလာကြတယ်၊ တကယ့်သာသနာ့ အာဇာနည် ဆရာတော်ရဲ့ ဈာပနပါပဲ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

NLD လူငယ်ခေါင်းဆောင် ကိုရာဇာကလည်း “ဆရာတော်သံဃာတော် အပါး ၁၀၀ ကျော်ရယ်၊ လူပရိတ်သတ် ၈၀၀ လောက် လာတယ်။ လွမ်းသူ့ပန်းခြင်းတွေလည်း အဖွဲ့အသီးသီးက ပို့ကြပြီး ဆရာတော်ကြီးကို နောက်ဆုံးဂါရ၀ ပြုကြတယ်”ဟု ပြောသည်။

ရန်ကုန်မြို့ ၆ ထပ်ကြီး ဘုရားဝင်းအတွင်းရှိ ၂၀၀၇ ခုနှစ်က ချိတ်ပိတ်ခံခဲ့ရသော ဆရာတော်၏ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်ဝင်းအနီး ယာယီ ကျောင်းတိုက်တွင် ကင်ဆာရောဂါနှင့် ဇူလိုင်လ ၁၁ ရက်နေ့က ပျံလွန် တော်မူသွားခဲ့ခြင်းဖြစ်သည်။

ဆရာတော်၏ ဈာပန အခမ်းအနားကို ဦးကျော်သူတို့၏ နာရေးကူညီမှုအသင်း ရန်ကုန်က တာဝန်ယူပြုလုပ်ပေးသည်။

ဆရာတော်သည် ၁၉၉၀ ခုနှစ်က န၀တ စစ်အစိုးရကို ပတ္တနိတ္ကုဇ္ဇန သပိတ်မှောက် ကံဆောင်မှုနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပြီးနောက် ထပ်မံဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည်။

ဆရာတော် ဦးဇ၀နသည် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာ ထောက်ခံခဲ့သူဖြစ်သည်။ ထို့အပြင် NLD အပါအ၀င် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ ၈ လေးလုံး အောက်မေ့ဖွယ်ကဲ့သို့သော အခမ်းအနားများ၊ အလှူပွဲများ၊ ဆွေးနွေးပွဲများကို ဆရာတော်၏ သာသနာ့ဂုဏ်ရည် ဘုန်းကြီးကျောင်းတွင် ခွင့်ပြုကျင်းပခွင့်များ ပေးခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသွားသည့်အတွက် NLD ပါတီအနေနှင့်လည်း ဝမ်းနည်းကြေကွဲပါကြောင်း ဦးဝင်းတင် အစရှိသည့် ပါတီခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ပြောကြသည်။

“ဆရာတော်ရဲ့ ကျေးဇူးက ကြီးတယ်။ ဆရာတော်ဟာ NLD အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အတော် ဖိနှိပ်ခံနေရချိန်မှာ မားမားမတ်မတ် ရပ်တည်ပြီး အစည်းအဝေးတွေ သူ့ကျောင်းမှာ လုပ်ခွင့်ပေးတယ်။ တလျှောက်လုံး မယိမ်းမယိုင် ထောက်ခံအားပေးလာတဲ့ တကယ်ကျေးဇူးကြီးတဲ့ ဒီမိုကရေစီဆရာတော်တပါးပါဗျာ” ဟု NLD ဒု ဥက္ကဌ ဦးတင်ဦးက ပြောသည်။

Source:irrawaddyblog

No comments:

နေ့မှာ