2011-01-20
အောင်လံမြို့ နယ် ပဒဲရွာတဝိုက်မှာ ဇေကမ္ဘာ ကုမ္ပဏီရဲ့ စိုက်ခင်းတွေ အတွက် ဒေသခံ တောင်သူတွေ မြေယာ အသိမ်းခံရတဲ့ အပြင်၊ အခမဲ့ လုပ်ကိုင် ဆောင်ရွက် ပေးနေရတာတွေကို ရန်ကုန်မြို့ အခြေစိုက် ILO ရုံးကို တင်ပြကြရာမှာ ILO ရုံးအရာရှိက လက်ခံထားလိုက်တယ်လို့ သတင်းရရှိပါတယ်။
(Photo: AFP)
လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ညွှန်ကြားချက်အရ အဓမ္မ စေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်နေသူ ဦးသက်ဝေက RFA ကို ပြောပြပါတယ်။ မြေလွတ် မြေရိုင်းတွေ ဖေါ်ပြီး ဓားမဦးချ တောင်ယာလုပ်ကိုင် စားသောက်နေတဲ့ အောင်လံမြို့ နဲ့  ၄၅ မိုင်လောက် ဝေးတဲ့ ပဒဲရွာတဝိုက်က တောင်သူတွေရဲ့ ယာမြေတွေကို ဇေကမ္ဘာ ကုမ္ပဏီက ကျွန်းစိုက်ခင်း အတွက် ဒေသခံ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သိမ်းယူလိုက်သလို တောင်သူတွေ ကိုလဲ အဲဒီ စိုက်ခင်းတွေမှာ အခမဲ့ လုပ်ကိုင်ခိုင်းတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့  မြေသိမ်းခံရပြီး အခမဲ့လုပ်ကိုင်ပေးနေရတဲ့ တောင်သူတဦးက အခုလို ပြောပါတယ်။ "ဇေကမ္ဘာ ကုမ္ပဏီရဲ့ ဘလက်ဘုတ် ဆွဲထားပါတယ်။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းရဲ့သား ဦးစိုးနိုင်သန်းဖြစ်ပါတယ်၊ ဒါရိုက်တာက။ မန်နေဂျာက ဗိုလ်မှူး ကျော်လွင် ဖြစ်ပါတယ်။ တပ်ကြပ်ကြီး တင်မောင်ဆွေကတော့ တပ်ရင်းတာဝန်ခံ ဖြစ်ပါတယ်။ တပ်ကြပ်ကြီး တင်မောင်ဆွေက ကျနော်တို့ကို အတင်း အဓမ္မ ခိုင်းနေပါတယ်။ ၂ နှစ်ရှိပါပြီ။ ၂၀၀၉ - ၂၀၁၀ မှာ အခမဲ့ လုပ်ပေးရပါတယ်။ ကျနော်တို့ လုပ်မပေးဘူးဆိုရင် မီးရှို့ပစ်မယ်။ ဒီ ပဒဲရွာ ဖျက်ဆီးပစ်မယ်။ အားလုံးထွက်သွားလို့ ပြောပါတယ်။ ၂၀၀၉ ခုနှစ်က တဧကစီ၊ ၂၀၁၀ မှာ ၄ ဧကစီ၊ ၂၀၁၁ မှာ တောင်သူတဦးကို ၃ ဧကစီ စိုက်ရမယ်လို့ ခေါ်ပြောသွားပါတယ်။" ဇေကမ္ဘာ ကုမ္ပဏီရဲ့ ကျွန်းစီမံကိန်းအတွက် အဲဒီဒေသမှာ ဧက (၃၅၀) ကျော် စိုက်ပျိုးထားတယ်လို့  သိရပါတယ်။ တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာကို ကြေးပင်ကွင်းလို့ ခေါ်ပြီး အဲဒီမြေတွေကို တရားဝင် အခွန်ဆောင် လုပ်ခွင့်ရဖို့  တောင်သူတွေက ဌါနဆိုင်ရာကို တင်ပြထားတဲ့ နှစ်ကာလတွေမှာ အခုလို သိမ်းဆည်းခံရတာလို့ ဆိုပါတယ်။ လယ်လုပ်သူ လယ်မြေပိုင်ခွင့် ဥပဒေ မရှိတဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေ လယ်သိမ်းခံရတဲ့ ဖြစ်ရပ်တွေ မကြာခဏ ကြားသိရသလို၊ အာဏာပိုင်တွေရဲ့ အမိန့် မနာခံရင် လယ်သိမ်းခံရမယ် ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ ဖြစ်ရပ်တွေလည်း မကြာမခဏ ကြားသိရပါတယ်။ အဲဒီကိစ္စတွေကို NLD အဖွဲ့ ချုပ်က လယ်သမားတွေ ဘက်ကနေ ကူညီဆောင်ရွက်နေပါတယ်။
Source:
rfa
No comments:
Post a Comment