မူလစာမျက်နှာ

Wednesday, 26 January 2011

မြန်မာ့ရေနံတွင်းဟောင်းများကို Goldpetrol ပြန်လည် တူးဖော်

 မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းရှိ ရေနံချောင်းနှင့် ချောက်မြို့မှ ရေနံတွင်းဟောင်းများကို Goldpetrol Joint Operation ကုမ္ပဏီက ပြန်လည် တူးဖော်ထုတ်လုပ်နေပြီ ဖြစ်သည်။

Goldpetrol ကုမ္ပဏီတွင် အစုရှယ်ယာ ၆ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သော စင်္ကာပူအခြေစိုက် Interral Resources က အစုရှယ်ယာဝင်များအတွက် အသိပေး ထုတ်ပြန်ချက်ကို ယခုလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ကုမ္ပဏီဝဘ်ဆိုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

117551
Goldpetrol Joint Operation ကုမ္ပဏီမှ ရေနံတွင်းဟောင်းများကို ပြန်လည် တူးဖော်ထုတ်လုပ်နေသည့် နေရာ (photo :: www.energy-pedia.com)
ပြန်လည်တူးဖော်နေသည့် ရေနံချောင်းမြို့နယ် တွင်းများအနက် ၁၉၃၁ ခုနှစ်ထဲတွင် အနက်ပေ ၉ဝဝ အထိ တူးဖော်ခဲ့ပြီးမှ ဒုတိယ ကမ္ဘာစစ်အတွင်း ပိတ်ပစ်ခဲ့သည့် တွင်းအမှတ် YNG-၂၄၅၉ နှင့် ၁၉၅၆ ခုနှစ်တွင် ချောက်မြို့နယ်၌ စတင်တူးဖော်ခဲ့သည့် တွင်းအမှတ် ချောက်-၉၅ဝ တို့လည်း ပါဝင်သည်။ ချောက်-၉၅ဝ မှာ ယခင်က ရေနံစိမ်း စည်ပေါင်း ၂ဝ၆ဝဝဝ ကျော် ထုတ်နိုင်ခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်မှစ၍ ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ YNG-၂၄၅၉ မှ တရက်လျှင် ရေနံစိမ်းစည် ၂၂ စည်နှင့် ချောက်-၉၅ဝ မှ တရက်လျှင် ရေနံစိမ်း ၃၂ စည် ထွက်ရှိကြောင်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ Goldpetrol သည် ရေနံတွင်းဟောင်းများကို ပြန်လည် တူးဖော်လျက်ရှိရာ ယခုအခါ တရက်လျှင် ရေနံစိမ်း ၉ဝ စည်အထိ ကုန်ကျစရိတ် သက်သာစွာဖြင့် ထုတ်နိုင်ပြီဟုလည်း Interral Resources က သူ၏ အစုပိုင်ရှင်များကို အသိပေးထားသည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့်အတူ Goldpetrol သည် ရေနံချောင်းနှင့် ချောက်ရေနံမြေအတွင်း ရေနံထုတ်လုပ်ခွင့်အတွက် နှစ် ၂ဝ စာချုပ်ထားပြီး ၂ဝ၁၇ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။

Goldpetrol က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အဓိကရုံးစိုက်သည့် Schlumberger Logelco Inc ကုမ္ပဏီကို ငှားရမ်း၍ ၎င်းနှစ်မြို့နယ်ရှိ ရေနံမြေများတွင် အလားအလာရှိ နေရာ ၈ ခုကို ၁၉၉၆ ခုနှစ်မှစ၍ ၉ နှစ်ကြာ ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာ ရေနံစည် သန်းပေါင်း ၁၇၁၅ မှသည် ၃၆၃၉ အထိ ထုတ်လုပ်နိုင်မည်ဟု တွေ့ရှိရကြောင်း Interral Resources က ဆိုထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ထားပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံကျော် ရရှိထားကြောင်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။
Source: mizzimaburmese

No comments:

နေ့မှာ