မူလစာမျက်နှာ

Friday 28 January 2011

နိုင်ငံရေးအကျဉ်းသား ၃ ဦး လွတ်ရက်စေ့လွတ်မြောက်

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသော ရုပ်အလောင်းများကို ကောက်ယူမြေမြုပ် သဂြိုင်္ဟ်ပေးခဲ့သူ စာရေးဆရာ ဦးအောင်ကျော်ဆန်း၊ ဒေါက်တာ နေဝင်းနှင့် ကိုဖုန်းပြည့်ကြွယ်တို့ လွတ်ရက်စေ့၍ မနေ့က လွတ်မြောက်လာသည်။

မြန်မာသံတော်ဆင့် ခေါ် မြန်မာထရီဗျူးဂျာနယ် ထုတ်ဝေသူ  ဦးအောင်ကျော်ဆန်းက  တောင်ကြီးထောင်၊ တိရိစ္ဆာန်ဆရာဝန် ဒေါက်တာ နေဝင်းက ဘားအံထောင်နှင့် ကိုဖုန်းပြည့်ကြွယ်က စစ်တွေထောင်တို့မှ  လွတ်လာကြသည်။

သူတို့ ၃ ဦးကို ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟုဆိုကာ အင်းစိန်ထောင် အထူးတရားရုံးက မတရားအသင်းအဖွဲ့ ပုဒ်မ ၇ ဖြင့် ထောင် ၂ နှစ်ချရာမှ ချုပ်ရက် ၇ လ အပါအဝင် လျှော့ရက်မရှိ  ကျခံရသည်ဟု စာရေးဆရာ ဦးအောင်ကျော်ဆန်းက ပြောသည်။

“အရင်တုန်းက ထောင် ၈ နှစ်ကျတယ်။ လျှော့ရက် ရတယ်။ အခုတော့ ၂ နှစ်ကျတာ ၂ နှစ် ၇ လနဲ့ ၁၁ ရက်နေခဲ့ရတယ်။ လျှော့ရက် မရဘူး။ ချုပ်ရက်မရဘူး။ ပုံစံပြောရရင် သူတို့က နည်းနည်းပျော့ပြောင်းတဲ့ သဘောရှိတယ်။ တကယ့်လက်တွေ့ အနစ်သာရပိုင်းမှာ ပိုဆိုးလာတယ်။ လျှော့ရက်မရဘူး။ အချိန်တွေ ပိုနေရတယ်။ သာမန် အကျဉ်းသားတွေနဲ့အတူ အခွင့်အရေးမရဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

တောင်ကြီးထောင်တွင် စာဖတ်ခွင့်ရပြီး တီဗီကြည့်ခွင့် တပတ်လျှင် ၂ ရက် ကြည့်ခွင့်ရသော်လည်း သတင်း လုံးဝ ကြည့်ခွင့် မရကြောင်း ဦးအောင်ကျော်ဆန်းက ပြောသည်။ အခြားရာဇဝတ် အကျဉ်းသားများကိုမူ တပတ်လုံး ကြည့်ခွင့် ပြုထားသည်ဟု ဆိုသည်။

၁၉၈၉ တွင် ထောင် ၈ နှစ်ကျခြင်းမှာ နိုင်ငံရေးလုပ်ခြင်းကြောင့်၊ ၂ဝဝ၈ က လေဘေးကူညီမှုဖြင့် ထောင်ချခြင်းက စစ်အစိုးရ မတရားချမှတ်ခြင်းသာဟု သူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်အပေါ် ထောက်ခံသည်ဟုလည်း ဆိုသည်။

၂ဝဝ၈  မေလ နာဂစ်မုန်တိုင်းအပြီး ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြိင်္ုဟ်၍ ရန်ကုန်အပြန်လမ်းတွင် စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးခဲ့သည်။

ထောင်တွင်းတွင် ဘာသာပြန်ထားသည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ စာအုပ်များ၊ လူထုဒေါ်အမာ၏ ခေတ်နှင့် လိုက်မည့် စာအုပ်များ၊ သမိုင်းစစ်တမ်းများနှင့် ဂန္တဝင် ဝတ္ထုများ ပြန်ထုတ်ဝေမည်ဟုလည်း ဦးအောင်ကျော်ဆန်းက မဇ္စျိမကို ပြောသည်။

သူအဖမ်းခံရပြီးနောက် စာအုပ်ထုတ်ဝေခွင့် ကဒ်ပြားကို အာဏာပိုင်များ သိမ်းဆည်းထားသလို ကင်မရာ ၃ လုံး၊ လက်တော့ပ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် နာဂစ်အလှူငွေ ၁၁  သိန်း ၈ သောင်းကိုလည်း အာဏာပိုင်များ သိမ်းထားသည်ကို ပြန်တောင်းဆိုမည်ဟု ဆိုသည်။

သူပိုင် မြန်မာမန်နေဂျာ ဂျာနယ် ၁၉၉၆ တွင် ဖျက်သိမ်းခံရပြီးနောက် မြန်မာသံတော်ဆင့်ကို ပြန်ထုတ်စဉ် အဖမ်းခံရသည်။

တောင်ကြီးထောင်တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုဂျင်မီ၊ ဗကသကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကြီး ဥက္ကဋ္ဌ အသက် ၇ဝ အရွယ် ဦးကျော်ခင်နှင့် ကိုသူရစိုး၊ ဆရာဦးဖေထူးတို့ ရှိသည်ဆိုသည်။ ကိုမြအေး နှလုံးရောဂါ ခံစားနေရသော်လည်း သာမန်ဆရာဝန်ဖြင့်သာ ပြသနေသဖြင့် စိုးရိမ်ရသည်ဟု သိရသည်။

အလားတူ ၁၉၈၉ မှ ၂ဝဝ၄ အထိ ၁၅ နှစ်ကျော် အကျဉ်းကျခဲ့သူ  နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာနေဝင်းကလည်း သူ့ကျန်းမာရေးကောင်းမွန်သည်ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ အခြေအနေအရ လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသဖြင့် လူမှုကူညီရေး ဆက်လုပ်သွားမည်ဟုလည်း ဆိုသည်။

မတရားသဖြင့် အကျဉ်းကျခံနေရသော မြန်မာပြည်သူလူထုအပေါ် နိုင်ငံတကာက နားလည်စေချင်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“ကျနော်တို့ မြန်မာပြည်က လူတွေက ပိုဒုက္ခရောက်နေတယ်၊ ထောင်ထဲတွေမှာရော၊ ရဲဘက်တွေမှာရော၊ လမ်းဖောက်လုပ်ရေး၊ ဘဝသစ်စခန်း မတရားအမှုနဲ့ ဖမ်းခံရတဲ့ လူတွေ အများကြီးဘဲ။ ထောင် မကျသင့်တဲ့လူတွေ အများကြီးဘဲ၊ ဒါကြောင့် ဒီတိုင်းပြည်နဲ့ ပတ်သက်လို့ နိုင်ငံတကာက နားလည်စေချင်တယ်။ ဒီမိုကရေစီရပြီးတဲ့ လူတွေလို ပျော်ရွှင်ချမ်းမြေ့စေချင်တယ်” ဟုက ဆက်ပြောသည်။

ဘားအံထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး ရှိရာ ဦးလှိုင်ထွန်း၊ NLD လူငယ် ကိုနေကျော်၊ ဘလော်ဂါ နေဘုန်းလတ်၊ ပခုက္ကူ မြစ်ချေမှ NLD ကိုကျော်ကျော်နိုင်၊  ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဉာဏ်လင်း၊ ကိုဇာဂနာ၏ အမှုတွဲ ကင်မရာသမား ကိုသန့်ဇင်အောင်၊ ၂ဝဝ၃ ဗကသကျောင်းသား ကိုနန္ဒာဆင့်အောင်၊ ပုသိမ်မှ ကိုပြည့်ဖြိုးအောင်၊  ကလေးမှ ကိုအောင်ကိုကိုထက်၊ KNU မှ ဘုန်းကြီးတပါး၊ ကိုကျော်အေး၊ ဦးအောင်ခိုင်၊ ဝါးတိ ခေါ် အာရှောင်၊ ငှက်ပျောကြော် ခေါ် ကိုညီညီထွန်းတို့ အကျဉ်းကျခံနေရသည်။

ထောင် ၈ နှစ်ကျနေသူ ကိုလှိုင်ထွန်း  စိတ်ရောဂါ ခံစားနေရပြီး တာမွေ NLD လူငယ်တာဝန်ခံ ကိုနေကျော်လည်း နှလုံးနှင့် သွေးတိုးရောဂါ ခံစားနေရသည်ဟု ဒေါက်တာ နေဝင်းက ပြောသည်။

မနေ့က ပြန်လွတ်လာသူ ကိုဘုန်းပြည့်ကြွယ် စစ်တွေမှ ရန်ကုန်သို့  နောက် ၂ ရက်ခန့်ကြာမှ  ပြန်ရောက်မည်ဟု သိရသည်။

သူတို့ ၃ ဦးနှင့်အတူ အဖမ်းခံခဲ့ရသော ဒေါက်တာနေဝင်းသမီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဗကသမှ မဖြိုးဖြိုးအောင်က  မော်လမြိုင်ထောင်၊ ကိုရှိန်းရာဇာထွန်း  တောင်ငူထောင်၊ ကိုအောင်သန်းဇင်ဦးက  ဗန်းမော်ထောင်တွင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆၊၇ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျနေကြဆဲဖြစ်သည်။
Source:mizzimaburmese

No comments:

နေ့မှာ