မူလစာမျက်နှာ

Tuesday, 17 August 2010

နအဖ၏မိုးနဲ- ကျိုင်းတုံမီးရထားလမ်းဖောက်လုပ်မှုကို သျှမ်းအသင်းအဖွဲ့များ ကန့်ကွက်

ဖောက်လုပ်ဆဲဖြစ်သည့် သံလွင်မြစ်ဖြတ်ကျော် မိုးနဲ-ကျိုင်းတုံမီးရထားလမ်းသည် နအဖစစ်အုပ်စုအတွက်သာ အကျိုးရှိ သောကြောင့် ပြည်ပအခြေစိုက်သျှမ်းလူမှုအသင်းအဖွဲ့များကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ထိုင်း နယ်စပ်တစ်နေရာ၌ ပြုလုပ်ခဲ့၏။

အမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့ (SWAN) နှင့် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ ဦးစီးကျင်းပသော   သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီတွင်စတင်ရာ ဖိတ်ကြားထားသောဧည့်သည်ပရိသတ် ၅၀ ခန့် တက် ရောက်ခဲ့သည်။
မိုးနဲ-ကျိုင်းတုံရထားလမ်းကန့်ကွက်ကြောင်းသတင်းစာရှင်းလင်းပွဲ
“ပြည်သူလူထုတောင်းဆိုချက်ကြောင့်လုပ်ရတာပါ။ ဒီရထားလမ်းဟာ ဒေသခံပြည်သူတွေအတွက် အကျိုးမရှိဘူး။ ပြည်သူလူထုဆီက သိမ်းထားတဲ့လယ်မြေတွေကိုပြန်ပေးဖို့ မြို့နယ်တွေမှာတောင်းဆိုတာလည်း အရာမရောက်ဘူး။ ဒါကြောင့်ပြည်သူတွေ ကိုယ်စားထုတ်ဖော်ပေးရခြင်းဖြစ်တယ်”
ဟု ယိင်းဟန်ဖ (advocacy team member of SWAN) က ပြောပါသည်။

“မိုးနဲမြို့နယ်လယ်သမားတွေရဲ့ ဘိုးဘွားပိုင်လယ်မြေဧကပေါင်း ၁၀၀၀ ကျော်ဆုံးရှုံးရတယ်။ ၀မ်းစာအတွက်လုပ်စားတဲ့ လယ်မြေမရှိတော့ လယ်သမားတွေလဲ အခက်တွေ့ရတယ်။ ရထားလမ်းဖောက်လုပ်မဲ့ လမ်းတလျှောက်မှာ ကျေးရွာတွေလဲ ပြောင်းရွေ့ခံရတယ်”

ရထားသံလမ်းအကျယ်အ၀န်းဧရိယာထက် ၅ ဆ ကျော်ယူကြောင်း၊ ရထားလမ်းဘေးရှိလယ်မြေများ ရေသွင်းခွင့် မပေးကြောင်း၊ ဖီဆန်ခဲ့သော်ထောင်ဒဏ်ကျခံရမည်ဟု ခြိမ်းခြောက်ကြောင်း ၎င်းကဆက်လက်ပြောပါသည်။

“လယ်ယာမြေသိမ်းခံရတော့ လယ်သမားတွေ သူများဆီမှာလုပ်သားအဖြစ်အလုပ်သွားလုပ်ရတယ်။ နယ်စပ်ဘက်ကို ထွက်လာတဲ့သူတွေလဲ အများကြီးဘဲ။ ဒီရထားလမ်းဟာ စစ်လက်နက်တွေ၊ စစ်ရိက္ခာတွေ၊ စစ်သားတွေကို သယ်ဆောင်ဖို့အတွက်ဘဲ”

ခရီးသွားလာမှုလွယ်ကူစေရန်နှင့် လူသုံးကုန်ပစ္စည်းများလိုရာရောက်ရန် အလျင်အမြန်ပို့ဆောင်နိုင်မည်ဟု နအဖက လိမ်ညာလေလုံးထွားပြောဆိုနေသော်လည်း မဖြစ်နိုင်ကြောင်း ဦးပင်ခမ်း (researcher of SHRF) က ဤကဲ့သို့ ထောက်ပြပါသည်။

“လွန်ခဲ့တဲ့ ၃-၄ နှစ်က နမ့်ဇန်-တောင်းကြီးရထားလမ်းဖောက်တော့ ပြည်သူတွေက ၀မ်းပန်းတသာသုံးကြတယ်။ ဒါပေမဲ့နမ့်ဇန်ကနေ တောင်ကြီးကိုတိုက်ရိုက်သွားလို့မရဘူး။ ၂-၃ ရက်သွားရတော့ ခြံထွက်သီးနှံတွေပုတ်လို့ရောင်းလို့ မရတော့ဘူး။ ဒါကြောင့်ပြည်သူတွေ ကားကိုဘဲပြန်လည်အားထားရတော့တယ်”


မိုးနဲ-ကျိုင်းတုံရထားလမ်းကန့်ကွက်ကြောင်းသတင်းစာရှင်းလင်းပွဲ
ရထားလမ်းဖောက်လုပ်မှုသည် စစ်တပ်၏ စစ်ရေးစီမံချက်ဖြစ်ကြောင်း၊ UWSA ၀တပ်ဖွဲ့ကဲ့သို့ အပစ်ရပ်အဖွဲ့များအား ဖိအားပေးရန်နှင့် လက်နက်ကိုင်တော်လှန်ဆဲ SSA တောင်ပိုင်းကိုတိုက်ခိုက်ရန် အသုံးပြုဘို့သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

ပထမဦးဆုံး သံလွင်မြစ်အရှေ့ခြမ်းသို့ ဆက်သွယ်မည့် မိုးနဲ-ကျိုင်းတုံမီးရထားလမ်းသည် ၃၆၁ ကီလိုမီတာ (၂၂၄မိုင်) ရှည်လျား၏။ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့မှတဆင့် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်မှ သံလွင်မြစ်ဖြတ်ကျော်ကာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်မြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းကုတ်မြို့နယ်မှ ကျိုင်းတုံမြို့နယ်သို့ ဆက်သွယ်ရန် လျာထား၏။

ထိုသတင်းစာရှင်းလင်းပွဲသို့ ဒီမိုကရက်တစ်မြန်မာ့အသံ၊ ဧရာဝတီ၊ သတင်းနှင့်မီဒီယာကွန်ယက်၊ Salween Watch, SYP, WLB နှင့် အခြားသောထိုင်းမီဒီယာ၊ အမေရိကန်ကောင်စစ်ဝန်ရုံးတို့လည်း တက်ရောက်ကြသည်။

No comments:

နေ့မှာ