မူလစာမျက်နှာ

Thursday 10 May 2012

ရန်ကုန်နှင့် သီလဝါ မီးရရေး ၂၀၁၅ တွင် အပြီးဆောင်ရွက်မည်

ရန်ကုန်မြို့နှင့် သီလဝါစက်မှုဇုန် လျှပ်စစ်မီး အလုံအလောက် ရရှိရေးအတွက် သဘာဝ ဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံကို သီလဝါ စက်မှုဇုန်အနီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံနှင့်
ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဒီကိစ္စက ညှိနှိုင်းမှုတွေ လုပ်ပြီးပြီ။ ခု လေ့လာမှုတွေလည်း လုပ်နေပြီ။ ဒီအတွက် နားလည်မှု လက်မှတ်လည်း ထိုးပြီးပါပြီ” ဟု ပြောသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံမှ Busan Korea Biotechnology Co.,Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

စီမံကိန်းအရ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂ဝ၁၅ မတိုင်ခင် ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ယခု ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးပါက လက်ရှိ ဓာတ်အားသုံးစွဲမှု ပမာဏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်
ဖြစ်ပြီး ရန်ကုန်မြို့ကို ဥတုမရွေး ၂၄ နာရီ မီးပေးလာနိုင်မှာ ဖြစ်သည်။

“ရေအားကို အခြေခံပြီး ထုတ်တဲ့ ဓာတ်အားပေးရုံတွေကြောင့် နွေဆို ဓာတ်အား လုံလောက်မှုမရှိဘဲ ပြတ်လပ်မှုတွေ
ဖြစ်နေရတယ်။ ဒီဟာပြီးရင်တော့ အားလုံး အဆင်ပြေပါပြီ” ဟုဆိုသည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲနေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဧပြီလ ၂၅ ရက်နေ့ လွှတ်တော်တွင် ပြောကြားသွား သည်။

လက်ရှိတွင် ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။
Source:mizzimaburmese

No comments:

နေ့မှာ